(အီရန်က အမေရိကန်ရဲ့ ပင်လယ်ဓားပြဆန်ဆန်လုပ်ရပ်ကို ပြန်လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်)
ဧရာဝတီတိုင်းမ်
ဧပြီ ၂၁ ရက်
အိုမန်ပင်လယ်ကွေ့ထဲမှာ အီရန်အလံလွှင့်ထားတဲ့ ကုန်တင်သင်္ဘောတစ်စီးကို အမေရိကန်ရေ တပ်က တားဆီးပြီး ထိန်းသိမ်းလိုက်ပြီလို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။
“အမေရိကန်ရေတပ်ရဲ့ ပိတ်ဆို့မှုကို ကျော်ဖြတ်ဖို့ ကြိုးစားခဲ့တာကြောင့် အီရန်အလံလွှင့် ကုန်တင် သင်္ဘောကို ထိန်းသိမ်းခဲ့တာ” လို့ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
အီရန်သင်္ဘောသားတွေက နားမထောင်ဘဲ ငြင်းဆန်နေတာကြောင့် အမေရိကန်ရေတပ်က အဲဒီ သင်္ဘောရဲ့ စက်ခန်းကို ဗုံးခွဲပြီး ချက်ချင်းရပ်တန့်အောင် လုပ်လိုက်တာလို့ သူက ဆိုပါတယ်။
အဲဒီအီရန်သင်္ဘောဟာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ပိတ်ဆို့အရေးယူမှု စာရင်းထဲမှာ ပါ နေတဲ့ သင်္ဘောဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
အီရန်ဆိုင်ရာ စစ်ရေးကိစ္စတွေကို တာဝန်ယူရတဲ့ အမေရိကန် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (CENTCOM) က အဲဒီဖြစ်စဉ် ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်မှာ တင်လိုက်ပါတယ်။
CENTCOM ရဲ့ ပြောပြချက်အရ အီရန်သင်္ဘောဟာ အီရန်ဆိပ်ကမ်းဘက်ကို မောင်းနှင်ဖို့ ကြိုးစား နေတာဖြစ်ပြီး ၆ နာရီကြာအောင် အကြိမ်ကြိမ် သတိပေးတာကို နားမထောင်ခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒါကြောင့် သင်္ဘောသားတွေကို အပြင်ထွက်ခိုင်းပြီးတော့မှ ၅ လက်မအမြောက်နဲ့ သင်္ဘောစက် ခန်းကို အချက်ပေါင်းများစွာ ပစ်ခတ်ပြီး တားဆီးလိုက်တာ ဖြစ်ပါတယ်။
အမေရိကန်စစ်တပ်ဟာ အီရန်ဆိပ်ကမ်းတွေကို အဝင်အထွက်လုပ်တဲ့ သင်္ဘောတွေကို ပိတ်ဆို့မှု တွေ စတင်လုပ်ဆောင်ကတည်းက အခုလို အင်အားသုံးပြီး အရေးယူတာဟာ ဒါပထမဆုံးအကြိမ် ဖြစ်နိုင် ပါတယ်။
အိုမန်ပင်လယ်ကွေ့ထဲမှာ အီရန်ကုန်တင်သင်္ဘောကို အမေရိကန်က ပစ်ခတ်တာဟာ အပစ်အ ခတ်ရပ်စဲရေးကို ချိုးဖောက်တာပဲလို့ အီရန်နိုင်ငံက တနင်္လာနေ့မှာ စွပ်စွဲလိုက်ပါတယ်။
အမေရိကန်စစ်တပ်ရဲ့ ဒီလိုလက်နက်အားကိုးနဲ့ ပင်လယ်ဓားပြဆန်ဆန် လုပ်ရပ်အပေါ် အီရန် တပ်ဖွဲ့တွေက မကြာခင်မှာပဲ လက်တုံ့ပြန်သွားမယ်လို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
ကိုးကား – NHK
Ref; US Navy seizes Iranian ship in Gulf of Oman, Iran vows retaliation