ဧရာဝတီတိုင်းမ်
ဧပြီ ၂၀ ရက်


‎ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ လုံးခင်းနှင့် မှော်စီဆာဒေသတို့တွင် စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။

လုံးခင်း၊ ဆောင်းချိန်ရပ်ကွက်တွင် ဧပြီလ ၁၉ ရက်နေ့မှစတင်၍ ယနေ့ ဧပြီ ၂၀ ရက် အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အနီးနားတစ်ဝိုက်တွင်လည်း လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရကြောင်း သိရသည်။

‎”ကျောက်ဝိုင်းလမ်းဆုံမှာ အင်အားအလုံးအရင်းရောက်လာတယ်ပြောတယ်။ လက်နက်ကြီးတွေနဲ့ပစ်လို့ လူသေတာရှိတယ်” ဟု ဖားကန့်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
‎ဖားကန့်ဗျူဟာကုန်းမှနေ၍ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်လျက်ရှိကာ ပြီးခဲ့သည့် ဧပြီ ၁၈ ရက်နေ့ကတည်းကပင် ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် အကြိမ်ရေ ၂၀ ထက်မနည်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်။

‎စစ်အုပ်စုက လုံးခင်းဒေသဘက်သို့ စစ်အင်အား ၅၀၀ ခန့်အထိ တိုးမြှင့်ပို့ဆောင်ထားပြီး ၎င်းတို့နှင့်အတူ ပြည်သူ့စစ်အဖွဲ့များလည်း ပူးပေါင်းပါဝင်နေကြောင်း သိရသည်။

‎ယမန်နေ့ ဧပြီ ၁၉ရက်နေ့က မှော်စီဆာနှင့်နမ္မဖြစ်ကြားကို စစ်ကြောင်းထိုးလာသည့် စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး အစုလိုက်သေဆုံးထိခိုက်မှုရှိခဲ့သည်။

လက်ရှိတွင် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည့်အတွက် ဒေသခံများအနေဖြင့် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။