နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၂၀ ရက်
ရခိုင်ပြည်နယ်အထိ ဖောက်လုပ်သွားမည့် ရပ်ဝန်းနှင့် ပိုးလမ်းမ (BRI) အစီအမံဖြစ်သော တရုတ်-မြန်မာ မီးရထားလမ်း စီမံကိန်းကို လုပ်ဆောင်ရန် အာဏာသိမ်း စစ်ကော်မရှင်က ထိုးစစ်ဆင်နေပြီး ယင်းကိစ္စအပါအဝင် နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိစေရေးအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မကြာမီ၌ တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း နီးစပ်သူနှင့် CDM အရာရှိများထံက သိရသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုကြောင့် ရပ်နားထားရသော တရုတ်စီမံကိန်းများအနက် ၎င်းတို့ကို အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရစေမည့် နှစ်နိုင်ငံ မီးရထားလမ်း စီမံကိန်းအား ရွေးတုစစ်အစိုးရလက်ထက် ယခုနှစ်အတွင်း ပြန်လည်စတင်နိုင်ရန် တရုတ်အစိုးရဘက်ကလည်း နယ်စပ်ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို ပုံစံမျိုးစုံ ဖိအား၍ သွားရောက်တွေ့ဆုံ ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
“ပြောရမယ်ဆိုရင် BRI စီမံကိန်းကို တရုတ်က မဖြစ်ဖြစ်အောင် လုပ်မယ့်အနေအထားမျိုးပဲ။ ဒီအစီအစဉ်ကြောင့်ပဲ ရှမ်းမြောက်မှာ အပစ်ရပ်တဲ့ ကိစ္စတွေ ဖြစ်လာခဲ့တာ။ မန္တလေး-ကျောက်ဖြူကိစ္စမှာတော့ AA နဲ့ ပြောပြီး မဖြစ်ဖြစ်အောင် လုပ်မယ့်၊ စစ်ရေးအရ ဖိအားပေးလာမယ့် အနေအထားမျိုးရှိတယ်” ဟု စစ်ရေးဆိုင်ရာ လေ့လာစောင့်ကြည့်သူ CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းမီးရထားလမ်း စီမံကိန်းသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြ (CMEC)တွင် ပါဝင်နေပြီး တရုတ်နိုင်ငံအနေဖြင့် ဒေသတွင်း သြဇာလွှမ်းမိုးမှု တည်ဆောက်ရန် ဦးစားပေး အစီအမံတစ်ခုအဖြစ် ပုံဖော်နေခြင်းဖြစ်ကာ ယူနန်ပြည်နယ်၊ ကူမင်းနှင့် မြန်မာနိုင်ငံရှိ စီးပွားရေးအချက်အခြာကျသော မူဆယ်၊ မန္တလေး၊ ရန်ကုန်နှင့် ကျောက်ဖြူမြို့တို့ကို ချိတ်ဆက်ဖြတ်သန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ တရုတ်အစိုးရအတွက် အရေးပါသော နှစ်နိုင်ငံ မီးရထားလမ်း စီမံကိန်းကို အမြန်အကောင်အထည်ဖော်နိုင်ရန် စစ်ခေါင်းဆောင်တို့က ကတိကဝတ်များ ပေးအပ်ထားပြီး ၎င်းတို့ထံမှ စစ်ရေး၊ နိုင်ငံရေး အကူအညီများ ရယူကာ စစ်ရှုံးဒေသများအား ပြန်လည်ထိန်းချုပ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများနှင့် ထိုးစစ်ဆင်မှုများကို ပိုမိုလုပ်ဆောင်နေကြောင်း CDM အရာရှိများ၏ ပြောပြချက်အရ သိရသည်။
စစ်ခေါင်းဆောင်သည် ၎င်းတို့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာနှင့် ၂၀၂၅ ခုနှစ်၊ သြဂုတ်တွင် နှစ်ကြိမ်သွားရောက်၍ သမ္မတ ရှီကျင့်ဖျင်အပါအဝင် ထိပ်သီးပိုင်းများနှင့်လည်း တွေ့ဆုံခွင့်ရထားပြီး ယခုနှင့်ဆိုလျှင် သုံးကြိမ်ဖြစ်ကာ အတုအယောင် ရွေးကောက်ပွဲအပြီး ထောက်ခံအားပေး ကူညီနေသော အဓိကနိုင်ငံကို သွားရောက်ခြင်းဖြစ်သည်။
အဆိုပါ ခရီးစဉ်နှင့် ပတ်သက်၍ စစ်ကော်မရှင်ဘက်ကမူ ယခုအချိန်ထိ ထုတ်ပြန်လာခြင်း မရှိသေးသော်လည်း မေလအတွင်း မီးရထားလမ်း စီမံကိန်းကို ပြန်လည်စတင်ရန် တရုတ်ဘက်က စီစဉ်ထားပြီး စက်ယန္တရားပစ္စည်းများ ပို့ဆောင်ထားသလို ရှမ်းမြောက်ရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအပြင် အာရက္ခတပ်တော် (AA) နှင့် တွေ့ဆုံရန် ပြင်ဆင်နေကြောင်း သတင်းများထွက်ပေါ်နေသည်။
ထို့အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သော ဧပြီ ၁၃ ရက်က အာဏာသိမ်း စစ်ကော်မရှင်၊ “၀” တပ်ဖွဲ့ (UWSA) အပါအဝင် ၎င်းဦးဆောင် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင် ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ရှမ်းတပ်ဖွဲ့ (SSPP/SSA) တို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသော်လည်း ဧရာဝတီတိုင်းမ် သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
တရုတ်အစိုးရအတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရစေမည့် မီးရထားလမ်း စီမံကိန်းကို မြန်မာနိုင်ငံ၌ ရှမ်းပြည်မြောက်ပိုင်းရှိ မူဆယ်မြို့မှ မန္တလေး၊ ထိုမှတဆင့် ရခိုင်ပြည်ရှိ ကျောက်ဖြူမြို့အထိ အဆင့်နှစ်ခုခွဲ၍ ပြုလုပ်မည်ဖြစ်ပြီး စုစုပေါင်းကုန်ကျငွေ အမေရိကန်ဒေါ်လာ (၂၀) ဘီလီယံခန့် ရှိနိုင်လိမ့်မည်ဖြစ်ကြောင်း တရုတ်စီမံကိန်းများ လေ့လာစောင့်ကြည့်သူများက သုံးသပ်ထောက်ပြထားသည်။
ကနဦး ပထမအဆင့်အဖြစ် အကောင်အထည်ဖော်မည့် မူဆယ်-မန္တလေး မီးရထားလမ်းသည် ဘူတာ (၃၆) ခု၊ ဥမင် (၆၀) ၀န်းကျင်နှင့် တံတား (၁၂၄) စင်းတို့ ပါဝင်မည်ဖြစ်ပြီး မန္တလေး၊ ပုသိမ်ကြီး၊ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ် စုစုပေါင်း (၁၁) မြို့နယ်ကို ဖြတ်သန်းသွားမည်ဖြစ်ကာ စစ်ကော်မရှင်ဘက်ကလည်း စီမံကိန်းကော်မတီ ဖွဲ့စည်းထားကြောင်း သိရသည်။
ထိုမှတဆင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းအထိ ဆက်လက်ဖောက်လုပ်၍ တရုတ်နိုင်ငံတွင် ဆောက်လုပ်နေလျက်ရှိသော ပေကျင်း-ကူမင်း-ရွှေလီ အမြန်ရထားလမ်းပိုင်းနှင့် ချိတ်ဆက်မည်ဖြစ်ကာ လက်ရှိ၌ မူဆယ်-မန္တလေး မီးရထားလမ်း ဖြတ်သန်းသွားမည့် မြို့နယ်များကို စစ်ကော်မရှင်တပ်၊ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ရှမ်းတပ်ဖွဲ့ (SSPP/SSA) တို့က အင်အားတိုး ထိန်းချုပ်နေကြောင်း သိရသည်။
သို့သော် ရခိုင်ပြည်နယ်ရှိ တရုတ်စီမံကိန်းများ တည်ရှိရာ ကျောက်ဖြူအပါအဝင် မြို့အများစုတွင် စစ်ကော်မရှင်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများ ကြုံတွေ့နေရပြီး နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိသကဲ့သို့ အာရက္ခတပ်တော် (AA) ကလည်း နယ်မြေများ ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သောကြောင့် မူဆယ်-မန္တလေး ရထားလမ်းပိုင်းသာ လုပ်နိုင်ဦးမည်ဟု အကဲခတ်များက သုံးသပ်ဆိုသည်။