ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ ဧပြီ ၂၀ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း၌ ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ထွက်လာသော အစိုးရ (ရွေးတုအစိုးရ) ၏ တပ်များက မြေပြင်ထိုးစစ်များအပြင် လေကြောင်းတိုက်ခိုက်မှုများကိုပါ အပြင်းအထန် ပြုလုပ်ခဲ့ပြီး တစ်ရက်တည်း ဗုံးသီးရာနှင့်ချီ ကြဲချတိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ဖလမ်းမြို့နှင့် ၁၉ ကီလိုမီတာခန့်သာ ဝေးတော့သည့် ဗားရ်တံတားသို့ ရွေးတုအစိုးရ၏ စစ်ကြောင်းများ ရောက်ရှိလာပြီး မြို့ပေါ်သို့ ဆက်လက်ချီတက်နိုင်ရေးအတွက် ယနေ့ ဧပြီ ၂၀ ရက် နံနက် ၅ နာရီတွင် လေကြောင်းမှ ဗုံးသီး ၈၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သည်။
“ဗားရ်တံတားကို မနေ့ကမနက် ပါရ်သဲရွာကနေ စစ်ကြောင်းတွေ ရောက်လာတယ်။ တံတားမရောက်မီ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်လို့ ကားတစ်စီး ပျက်စီးသွားတယ်။ အဲဒီစစ်ကြောင်းက ဒီမနက် ဖလမ်းမြို့ဘက် မချီတက်မီ လေကြောင်းကနေ လမ်းရှင်းပေးတဲ့သဘောနဲ့ ဗုံးသီးအလုံးရေ ၈၀ လောက် တိုက်ခိုက်သွားတာ” ဟု ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ် ကိုပြောသည်။

အင်အား ၆၀၀ ခန့်ရှိသော အဆိုပါစစ်ကြောင်းသည် ယနေ့ နံနက် ၈ နာရီဝန်းကျင်တွင် စစ်ကြောင်းများဖြန့်၍ ဖလမ်းမြို့နှင့် ဆုရ်ဘုန်လေဆိပ်ဘက်သို့ ဆက်လက်ချီတက်နေကြောင်း သိရသည်။
“ဗားရ်တံတားက ဖလမ်းနဲ့ ၁၉ ကီလိုမီတာလောက်ပဲ ဝေးတော့တာဆိုတော့ မြို့နဲ့ အတော်လေး နီးနေပြီ။ လက်နက်ကြီးကျည်နဲ့ ပစ်မယ်ဆိုရင်တောင် လက်တစ်ကမ်းလောက်ပါပဲ” ဟု ၎င်းက ဆက်ပြောသည်။
ထို့အပြင် ရွေးတုအစိုးရတပ်သည် ယနေ့ နံနက် ၈ နာရီဝန်းကျင်တွင် ဖလမ်းမြို့တွင်းနှင့် အနီးဝန်းကျင်ကို ကလေးမြို့မှ တက်လာသည့် Y-12 လေယာဉ်ဖြင့် ဗုံးသီး ၃၀ ကျော် ထပ်မံကြဲချခဲ့ကြောင်း သိရသည်။
ဖလမ်းမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် ရွေးတုအစိုးရတပ်သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်မှစတင်ကာ ကလေး-သိုင်းငင်းလမ်းနှင့် ကလေး-ဝေဘူလလမ်းဟူ၍ စစ်ကြောင်းနှစ်ကြောင်းဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
အဆိုပါစစ်ကြောင်းများသည် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ၆ လကြာသည်အထိ ဖလမ်းမြို့သို့ မရောက်ရှိနိုင်ဘဲ အကျအဆုံးများပြားခဲ့ပြီးနောက်၊ ယခုအခါမှသာ မြို့အနီးဝန်းကျင်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။