ဧရာဝတီတိုင်းမ်
ဧပြီ ၂၀ ရက်
အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် စက်သုံးဆီ ပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်မှုများ ကြုံတွေ့နေရချိန်တွင် ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ထွက်လာသော အစိုးရ (ရွေးတုအစိုးရ) က နွေစပါးနှင့် ဆီထွက်သီးနှံစိုက်တောင်သူများကို ဒီဇယ်တစ်ဂါလန်လျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ရောင်းချပေးနေကြောင်း သိရသည်။
သို့သော် ယင်းကဲ့သို့ ရောင်းချပေးရာတွင် လယ်တစ်ဧကလျှင် ဒီဇယ်တစ်ဂါလန်နှုန်းသာ ကန့်သတ် ရောင်းချပေးခြင်းဖြစ်ပြီး ရွေးတုအစိုးရ၏ အာဘော်သတင်းစာများတွင် ပြည်တွင်းထုတ် ဒီဇယ်ဆီများကို ရောင်းချပေးနေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

လက်ရှိ ပြင်ပပေါက်ဈေးတွင် ဒီဇယ်တစ်ဂါလန်လျှင် ကျပ် ၃၅,၀၀၀ မှ ၄၀,၀၀၀ ဝန်းကျင်အထိ ရှိနေကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါ စက်သုံးဆီရောင်းချမှုကို ရွေးတုအစိုးရ၏ ထောက်ခံချက်ဖြင့် ၎င်း၏လက်အောက်ခံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းကာ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ တောင်သူများကို လက်ငင်းငွေချေစနစ်ဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် စိုက်ဧက ၂၀,၅၆၉ အတွက် ဒီဇယ်ဆီ ၂၀,၅၆၉ ဂါလန်၊ နတ်မောက် မြို့နယ်တွင် စိုက်ဧက ၄၅ ဧကအတွက် ၄၅ ဂါလန်နှင့် နေပြည်တော်ရှိ လယ်ဝေး၊ ဇေယျာသီရိ၊ ပျဉ်းမနားမြို့နယ်များတွင် ဒီဇယ်ဆီ ၄,၅၄၂ ဂါလန်တို့ကို အသီးသီး ရောင်းချပေးခဲ့ကြောင်း ၎င်းတို့၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။

စက်သုံးဆီဆိုင်များတွင် ကန့်သတ်ချက်များဖြင့်သာ ရောင်းချပေးခြင်းနှင့် တန်းစီစောင့်ဆိုင်းရခြင်း တို့ကြောင့် အလုပ်ချိန်များ ပေးဆပ်နေရပြီး တောင်သူအချို့မှာ ကျွဲ၊ နွားများဖြင့် ထွန်ယက်သည့် စနစ်ကို ပြန်လည်အသုံးပြုလာကြောင်း သိရသည်။
ရွေးတုအစိုးရ၏ စက်သုံးဆီ ချွေတာရေးနှင့် ကန့်သတ်ချက်များကြောင့် စိုက်ပျိုးရေးလုပ်ငန်းများအပြင် ကုန်စည်ပို့ဆောင်ရေးနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) ၏ လုပ်ငန်းဆောင်ရွက်မှုများ အကြီးအကျယ် ထိခိုက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် စက်သုံးဆီ သုံးစွဲမှု၏ ၉၇ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရခြင်းဖြစ်ပြီး ပြည်တွင်းထုတ်မှာ ၃ ရာခိုင်နှုန်းသာ ရှိကြောင်း ၎င်းတို့လက်အောက်ခံ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ဓာတ်ပုံ-MOI