ဧရာဝတီတိုင်းမ်
ဧပြီ ၂၀ ရက်

၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ထွက်လာသော အစိုးရ (ရွေးတုအစိုးရ)က မိုးရာသီ မရောက်မီ နယ်မြေစိုးမိုးနိုင်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ နယ်မြေများကိုအရှိန်မြှင့် ထိုးစစ်ဆင် တိုက်ခိုက်နေသည့်အတွက် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်း သိရသည်။

ရွေးတုအစိုးရလက်အောက်ခံ တပ်မ (၂၂) မှ ဦးဆောင်ကာ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ယနေ့ ဧပြီ၂၀ ရက်နေ့တွင်လည်း ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ်အတွင်းရှိ KNU တပ်စခန်းများကို လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုကာ တိုက်ခိုက်နေကြောင်း သိရသည်။

နှစ်ဖက်တိုက်ပွဲများသည် ထိုင်းဘက်ခြမ်းရှိကျေးရွာများနှင့် မျက်နှာချင်းဆိုင် နယ်စပ်ဒေသများတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ပွဲများကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာလည်း ထိခိုက် လျက်ရှိသည်။ ထို့ပြင် အမှတ် (၂) ချစ်ကြည်ရေးတံတားကိုလည်း မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ် နိုင်ခြင်း မရှိသေးသည့်အတွက် ကုန်သွယ်မှုလုပ်ငန်းများ ကြန့်ကြာနေလျက်ရှိကြောင်း ထိုင်းသတင်း မီဒီယာများကဖော်ပြသည်။

စစ်တပ်က မြေပြင်စစ်ကြောင်းများအပြင် လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းများအသုံးပြု၍ KNU တပ်စခန်းများကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေသော်လည်း လက်ရှိအချိန်အထိရရှိခြင်းမရှိသည့်အပြင် ထိခိုက်သေဆုံးမှု ပိုမိုများပြားနေကြောင်းလည်း သိရသည်။

KNU အနေဖြင့်လည်း စစ်တပ်အနေဖြင့် မိုးရာသီသို့ရောက်ရှိလာပါက လမ်းပန်းဆက်သွယ်ရေး ခက်ခဲသွားမည်ဖြစ်သည့်အတွက် မင်းလက်ပံနှင့် အနီးနားရှိကျေးရွာများကို မိုးရာသီမရောက်မီ သိမ်းပိုက် ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ထို့ပြင် စစ်ကော်မရှင်သည် ပြီးခဲ့သည့် ဧပြီ၁၉ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင် ခရိုင်အနီးရှိ KNU ဆေးရုံတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိုင်းနိုင်ငံအတွင်းသို့ ဗုံးတစ်လုံးကျရောက် ခဲ့သည့်အတွက် ထိုင်းပြည်သူများပါ စစ်ဘေးရှောင်နေရသည်။

သို့သော် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်ဒုတိယဝန်ကြီးချုပ်ဖြစ်သူ ဆီဟာဆက် ဖွမ်းကေခရို (Sihasak Phuangketkeow) ကမူ လာမည့် ဧပြီ ၂၂ ရက်နေ့တွင် နှစ်နိုင်ငံဆက်ဆံရေးခိုင်မာလာစေရန် မြန်မာနိုင်ငံရှိ ရွေးတုအစိုးရသစ်ထံ လာရောက်မည်ဖြစ်ကြောင်း ထိုင်းသတင်းဒီယာများတွင် ဖော်ပြ ထားသည်။

ကိုးကား – Khaosod English