‎ဧရာဝတီတိုင်းမ်
‎ဧပြီ ၂၀ရက်

၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ထွက်လာသော အစိုးရ (ရွေးတုအစိုးရ) လက်ထက် ကာကွယ်ရေးဦးစီးချုပ်အသစ် ပြောင်းလဲခန့်အပ်ပြီးနောက်ပိုင်း စစ်တပ်အတွင်း စစ်တိုက်ရန် ငြင်းဆို သည့် အရာရှိများနှင့် စစ်ရှုံး၍ထွက်ပြေးသည့် အရာရှိများကို သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ တိုးမြှင့် ချမှတ်လာကြောင်း သိရသည်။

 

မိတ္ထီလာအခြေစိုက် တပ်မ (၉၉) လက်အောက်ခံ၊ ခမရ-၃၁၅ မှ တပ်ရင်းမှူးဖြစ်သူသည် မကွေးတိုင်း၊ နတ်ရေကန်တိုက်ပွဲနှင့် ပတ်သက်၍ စစ်တိုက်ရန် ငြင်းဆိုမှုဖြင့် ယခုဧပြီလတွင် စစ်တရားရုံးက ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ကြောင်း DM ဗိုလ်ကြီးဇင်ယော်က အတည်ပြုပြောကြားသည်။

“ခမရ ၃၁၅ တပ်ရင်းမှူး အမည်စိစစ်ဆဲ စစ်တက္ကသိုလ် အပတ်စဉ် (၄၆) ဆင်း (စတသ-၄၆) ကို စစ်တရားရုံးကနေ ထောင်ဒဏ် ၁၅ နှစ် ချမှတ်တာ ခံခဲ့ရပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ၌ စစ်ရှုံး၍ ထွက်ပြေးခဲ့သည့် စစ်အရာရှိ ခုနစ် ဦးကိုလည်း ဧပြီလ ပထမအပတ်အတွင်းက သေဒဏ် (ကြိုးမိန့်) နှင့် နှစ်ရှည်ထောင်ဒဏ်များ အသီးသီး ချမှတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ သိရသည်။

 

၎င်းတို့အနက် ဘူးသီးတောင်တိုက်ပွဲမှ အမိန့်မရဘဲ ဆုတ်ခွာလာသည့် တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် ဗိုလ်မှူးအဆင့်ရှိသူများ ပါဝင်ပြီး လက်ရှိတွင် စစ်တွေထောင်သို့ ပို့ဆောင်ထားကြောင်း သိရသည်။

 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အတုအယောင်ရွေးကောက်ပွဲ မကျင်းပမီ ကတည်းက ရခိုင်နှင့် ကချင်ဒေသတိုက်ပွဲများတွင် စစ်ရှုံးခဲ့သည့် အရာရှိကြီးများကို သေဒဏ်ပေး ခြင်းဖြင့် စစ်တပ်အတွင်း စံပြအပြစ်ပေးမှုများ လုပ်ဆောင်ခဲ့သည်။

ယခုကဲ့သို့ အပြစ်ပေးမှုများမှာ စစ်ရှုံးထွက်ပြေးသူများကို စံပြအဖြစ် ပြသကာ စစ်တပ်အတွင်း ကြောက်စိတ်ဖြင့် ထိန်းချုပ်လိုခြင်းဖြစ်သလို ရွေးတုအစိုးရ အပြောင်းအလဲကာလတွင် အမှုဟောင်း များကို အပြတ်ဖြတ်ပြီး နောက်ပိုင်းတွင် လွတ်ငြိမ်းချမ်းသာခွင့်များ၌ ထည့်သွင်းပေးနိုင်ရန် ကြိုတင် စီစဉ်ခြင်းလည်း ဖြစ်နိုင်ကြောင်း စစ်တပ်အသိုင်းအဝိုင်း၏ အခြေအနေကို သိရှိသူများက သုံးသပ်သည်။

 

ပုံစာ-တပ်မ(၉၉)