ဧရာဝတီတိုင်းမ်
ဧပြီ ၂၀ ရက်
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ကို ထိန်းချုပ်ထားသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခုသည် အင်အား (၃၀၀) ခန့်ဖြင့် ကသာမြို့နယ်ဘက်သို့ စစ်ကြောင်းထိုး ချီတက်လာနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဧပြီ ၁၃ ရက်နေ့ကတည်းက ကသာမြို့နယ်၊ ကလုံရွာအနီးသို့ စတင်ထိကပ်လာခဲ့သည့် အဆိုပါစစ်ကြောင်းသည် ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့တွင် မဲဟင်းရွာနှင့် ကလုံရွာကြား၌ တပ်ဖြန့်ပြီး ခြေကုတ်ယူထားလိုက်ပြီဖြစ်သည်။
အဆိုပါစစ်ကြောင်းသည် စဉ့်ကူးနှင့် သပိတ်ကျင်းကို ဝင်ရောက်စဉ်ကကဲ့သို့ ဒရုန်းနှင့် လက်နက်ကြီးများကို အဓိကအသုံးပြုပြီး နယ်မြေတွင်းသို့ တရွေ့ရွေ့ ချဉ်းကပ်လာနေခြင်းဖြစ်သည်။
”စစ်ကြောင်း သုံးကြောင်းခွဲထိုးလာတာပါ။ ဒေသခံရွာတွေထဲက သာဂရ၊ ကလုံ၊ အင်းရွာလေး၊ ကျောက်ပုံ၊ သံပုရာစတဲ့ရွာတွေကတော့ ရွာသူ၊ ရွာသားတွေပြေးနေရတယ်” ဟု တော်လှန်ရေးအဖွဲ့များနှင့် နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိအချိန်ထိ နှစ်ဖက်အကြား ပြင်းထန်သည့် တိုက်ပွဲဖြစ်ပွားမှုမျိုး မကြားရသေးသော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်ဟန့်တားမှုများကြောင့် ပုံမှန်အားဖြင့် တစ်ရက်သာကြာမြင့်မည့် ထီးချိုင့်-ကသာ ခရီးစဉ်ကို အချိန်အတော်ကြာ နှောင့်နှေးကြန့်ကြာစွာ ချီတက်နေရသည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။
လက်ရှိအခြေအနေအရ မဲဟင်း-ကလုံ-ထီးချိုင့် လမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ထားသည်ဟု ယူဆရပြီး၊ ၎င်းတို့၏ စစ်ကြောင်းလှုပ်ရှားမှုမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) နယ်မြေအတွင်းရှိ ကျေးရွာအချို့ကို ထပ်မံဝင်ရောက်လာနိုင်သည့် အလားအလာရှိနေကြောင်း သုံးသပ်ပြောဆိုကြသည်။