ဧရာ၀တီတိုင်းမ်
ဧပြီ ၂၀ ရက်
မြန်မာစစ်အုပ်စု၏ တိုက်လေယာဉ်များသည် ထိုင်း-မြန်မာနယ်စပ် မဲဟောင်ဆောင်ခရိုင်အနီးရှိ ကရင်အမျိုးသားအစည်းအရုံး (KNU)နယ်မြေအတွင်းရှိ ဆေးရုံတစ်ရုံကို ယမန်နေ့ ဧပြီ ၁၉ ရက်၊ တနင်္ဂနွေနေ့က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဗုံးတစ်လုံးသည် ထိုင်းနိုင်ငံပိုင်နက်အတွင်းသို့ ကျရောက်ခဲ့သဖြင့် ဒေသခံပြည်သူများ အရေးပေါ် တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
စစ်အုပ်စု၏ လေတပ်မှ Yak-130 နှင့် MiG-29 တိုက်လေယာဉ်များသည် ယမန်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် ကရင်ပြည်နယ်၊ ဘူးသိုမြို့နယ်အတွင်းရှိ KNU ဆေးရုံနှင့် အနီးနားရှိ အရပ်သားများ နေထိုင်ရာ ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါနေရာသည် ထိုင်းနိုင်ငံ၊ မယ်ဆောင်ဆောငခရိုင်၊ ဆော့မွေမြို့နယ်၊ မယ်ဆမ်လပ်ရွာနှင့် မျက်နှာ ချင်းဆိုင်ရှိပြီး နယ်စပ်မျဉ်းမှ မီတာ ၅၀၀ ခန့်သာ ကွာဝေးသည့် နေရာဖြစ်ကြောင်း သိရသည်။
စစ်အုပ်စုသည် အဆိုပါဒေသအတွင်းသို့ ဗုံးကိုးလုံးခန့် ကြဲချခဲ့ကြောင်း ထိုင်းလုံခြုံရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသော်လည်း မြန်မာနိုင်ငံဘက်ခြမ်းရှိ ထိခိုက်ပျက်စီးမှုနှင့် လူသေဆုံးမှု အခြေအနေကိုမူ အသေးစိတ် မသိရှိရသေးပေ။
အဆိုပါတိုက်ခိုက်မှုအတွင်း ဗုံးတစ်လုံးသည် သံလွင်မြစ်ကြောင်းတစ်လျှောက် ထိုင်းနိုင်ငံဘက်ခြမ်းရှိ မယ်ဆမ်လပ်ရှိအနီးသို့ ကျရောက်ခဲ့သဖြင့် ဒေသခံများကြားထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး အရေးပေါ် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။
လက်ရှိတွင် မယ်ဆမ်လပ်ရှိ နယ်စပ်စစ်ဆေးရေးဂိတ်၌ တပ်စွဲထားသော ထိုင်းခြေလျင်တပ်ရင်း (၃၆) မှ တပ်ဖွဲ့ဝင်များသည် ဒေသန္တရအုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ဗုံးကျရောက်ရာနေရာအနီးရှိ ထိုင်းပြည်သူများကို ဟွေ့ကောင်ကတ် ကျေးရွာသို့ အရေးပေါ် ရွှေ့ပြောင်းပေးထားကြောင်း သိရသည်။
ကိုးကား-Khaosod English
Ref;MYANMAR FIGHTER JETS BOMB KNU HOSPITAL, ONE BOMB LANDS IN THAILAND