ဧရာဝတီတိုင်းမ်
ဧပြီ ၂၀ ရက်

ဟော်မုဇ်ရေလက်ကြားအနီးမှာ အီရန်တပ်ဖွဲ့တွေက သင်္ဘောတွေကို ပစ်ခတ်ခဲ့ပြီးနောက် အီရန် ဟာ အပစ်အခတ်ရပ်စဲရေးကို လုံးဝ ချိုးဖောက်လိုက်တာလို့ သမ္မတ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့မှာ စွပ် စွဲလိုက်ပါတယ်။

အမေရိကန်ရဲ့ သတ်မှတ်ချက်တွေကို အီရန်ဘက်က လက်မခံဘူးဆိုရင် အီရန်နိုင်ငံရဲ့ အခြေခံအ ဆောက်အအုံတွေကို တိုက်ခိုက်သွားမယ်လို့ ၎င်းက ထပ်မံ ခြိမ်းခြောက်လိုက်ပါတယ်။

“မနေ့က ဟော်မုဇ်ရေလက်ကြားမှာ အီရန်က သင်္ဘောတွေကို တိုက်ခိုက်ခဲ့တာဟာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လုံးဝချိုးဖောက်လိုက်တာပဲ” လို့ ဒေါ်နယ်ထရမ့်က သူရဲ့ Truth Social မှာ ရေးသားခဲ့ပါတယ်။

အီရန်ဘက်က သဘောတူညီမှု အသစ်တစ်ခု မလုပ်ဘူးဆိုရင် အီရန်မှာရှိတဲ့ ဓာတ်အားပေးစက်ရုံ တွေနဲ့ တံတားတွေ အကုန်လုံးကို အမေရိကန်က ဖျက်ဆီးပစ်မယ်လို့ သူက သတိပေးလိုက်ပါတယ်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ ငြိမ်းချမ်းရေးအတွက် နောက်တစ်ကျော့ ဆွေးနွေးဖို့ တနင်္လာ နေ့ညနေမှာ ပါကစ္စတန်ကို ရောက်မယ်လို့ ဒေါ်နယ်ထရမ့်က အတည်ပြုလိုက်ပါတယ်။

အစ္စလာမ္မာဘတ် ဆွေးနွေးပွဲကိုတော့ အထူးကိုယ်စားလှယ် စတိဝှစ်ကော့ဖ်က ဦးဆောင်မှာဖြစ် ပြီး ဒေါ်နယ်ထရမ့်ရဲ့သားမက် ဂျာရတ်ကုရှ်နာလည်း ပါဝင်လာမှာပါ။

အရင်တစ်ခေါက် ဆွေးနွေးမှုကိုဦးဆောင်ခဲ့တဲ့ ဒုတိယသမ္မတ ဂျေဒီဗန့်စ်က မတက်ရောက်တော့ ဘဲ ဒေါ်နယ်ထရမ့်ကိုယ်တိုင် အခုချက်ချင်း မသွားသေးပေမဲ့ နောက်ပိုင်းမှ ပါဝင်ချင်ပါဝင်မယ်လို့ ဆိုပါ တယ်။

ဒီဆွေးနွေးပွဲအပေါ် သံတမန်ဟောင်းအချို့ကတော့ စိုးရိမ်နေကြပြီး အခုဦးဆောင်မယ့် ဝှစ်ကော့ဖ် နဲ့ ဂျာရတ်တို့မှာ အတွေ့အကြုံ လုံလုံလောက်လောက် ရှိရဲ့လားလို့ မေးခွန်းထုတ်နေကြပြီး အမှားအယွင်း တစ်ခုခုဖြစ်ခဲ့ရင် ပဋိပက္ခတွေ ပိုပြီး ကြာရှည်သွားနိုင်တယ်လို့ သတိပေးထားပါတယ်။

ကိုးကား – Times
Ref; Trump Accuses Iran of ‘Total Violation’ as Strait of Hormuz Remains Shut