ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ ဧပြီ ၁၉ ရက်)
သင်္ကြန်အခါတော်အတွင်းမှာ သူငယ်ချင်းအိမ်က ရွှေရင်အေး စတုဒိသာကျွေးလို့ ကျွန်တော်ရောက် သွားခဲ့ပါတယ်။ စတုဒိသာ လာစားကြသူ ဧည့်သည်အချို့ လည်ချောင်းနာနေကြတာကို တွေ့ရပါတယ်။ “ရေခဲစားလို့ လည်ချောင်းနာတာပဲ” ဆိုပြီး ပြောနေကြတာကို ကြားရတဲ့အခါမှာ ဆရာဝန်တစ်ယောက် အနေနဲ့ လည်ချောင်းနာခြင်းရဲ့ အကြောင်းရင်းအမှန်ကို အားလုံးသိသွားအောင် ရှင်းပြဖို့ အခြေအနေ တိုက်ဆိုင်လာပါတော့တယ်။
လည်ချောင်းနာခြင်းဝေဒနာဆိုတာ
လည်ချောင်းနာခြင်းဆိုတာ နေ့စဉ်လူမှုဘဝမှာ လူတိုင်းနီးပါး ကြုံတွေ့ရတတ်တဲ့ ဝေဒနာတစ်ခုပါ။ လည်ချောင်းနာနေတာကြောင့် အစားအသောက် မျိုချရခက်ခဲတာ၊ လည်ချောင်းထဲမှာ တစပ်စပ် စူးရှနေ တာတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါတယ်။
ဘာကြောင့်လည်ချောင်းနာရတာလဲ
လည်ချောင်းနာရတဲ့ အဓိက အကြောင်းရင်း နှစ် မျိုး ရှိပြီး ဗိုင်းရပ်စ်ပိုး နှင့် ဘတ်တီးရီးယားပိုး ကူးစက် ခြင်းကြောင့်ဖြစ်တာပါ။
တုပ်ကွေးနှင့် အအေးမိခြင်း စတဲ့ ဖျားနာနေထိုင်မကောင်းခြင်းနှင့် ယှဉ်တွဲလည်ချောင်းနာရတာကတော့ virus ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပါတယ်။ ပိုးသတ်ဆေး သောက်ရန် မလိုအပ်ဘဲ ကိုယ်ခံအား ဖြည့်တင်းဖို့ အနားယူဖို့သာ လိုအပ်ပါတယ်။အလိုအလျောက် ပျောက်ကင်းနိုင်ပါတယ်။
ဘက်တီးရီးယားကြောင့် လည်ချောင်းနာတဲ့အခါမှာတော့ အာသီးရောင်ခြင်း၊ လည်ချောင်းပိုးဝင်ခြင်း စတဲ့အခြေ အနေများကြောင့် ဖြစ်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်အတိုင်း ပိုးသတ်ဆေးဖြင့် စနစ်တကျ ကုသဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် ဖုန်မှုန့်၊ ဆေးလိပ်ငွေ့၊ ဓာတ်မတည့်ခြင်း (Allergy) နဲ့ အပူအစပ် အစားများခြင်းတို့ကြောင့်လည်း လည်ချောင်းနာတတ်ပါသေးတယ်။
လွယ်လွယ်ကူကူအိမ်တွင်းကုသနည်း
မပြင်းထန်တဲ့ ဝေဒနာတွေအတွက် ရေနွေးနွေးထဲ ဆားအနည်းငယ်ထည့်ပြီး တစ်နေ့ (၃) ကြိမ်ခန့် အာလုတ် ကျင်းပေးရင် ပိုးမွှားသေစေပြီး ရောင်ရမ်းမှု လျော့ကျစေပါတယ်။
လည်ချောင်းခြောက်ကပ်မနေစေဖို့ ရေများများသောက်ပါ။ ဟင်းရည်နွေးနွေး၊ သံပရာရည် သို့မဟုတ် ပျားရည်သောက်ပေးပြီးတော့လည်း လည်ချောင်းကို စိုစွတ်နေအောင် ထားနိုင်ပါတယ်။
ခန္ဓာကိုယ်၏ ခုခံအားစနစ် ကောင်းမွန်စေရန် လုံလောက်တဲ့အနားယူမှုအနေနဲ့ အိပ်ရေးဝဝ အိပ်စက်ခြင်း က လည်ချောင်းနာခြင်းကို သက်သာစေနိုင်ပါတယ်။
လေထုခြောက်သွေ့ရင် လည်ချောင်း ပိုနာတတ်လို့ အခန်းထဲမှာ စိုထိုင်းဆရှိအောင် ထားပါ။ Air Humidifier (ရေငွေ့ထုတ်စက်) လို သုံးတာမျိုးနဲ့ စိုထိုင်းဆ မြှင့်တင်နိုင်ပါတယ်။
ဘယ်လိုအချိန်မှာဆရာဝန်နဲ့ပြမလဲ
လည်ချောင်းနာတာနဲ့ယှဉ်တွဲပြီး ဖျားနာခြင်း၊ ချမ်းတုန်ခြင်း၊ အသက်ရှူရခက်ခဲလာခြင်း သို့မဟုတ် စကားပြောရ ခက်ခဲခြင်း၊ တစ်ပတ်ထက်ကျော်ပြီး လည်ချောင်းနာဝေဒနာ မသက်သာခြင်း၊ လည်ပင်းတွင် အကျိတ်များထွက်လာခြင်း၊ အာသီးယောင်ပြီးပြည်တည်ခြင်း၊ အရည်ကိုပင်မျိုချရခက်ခဲလောက်အောင် နာကျင်ခြင်း စတာတွေကို ကြုံရတဲ့အခါမှာတော့ နီးစပ်ရာ ဆေးခန်းကိုသွားပြီး ဆရာဝန်နဲ့တိုင်ပင် ဆွေးနွေး ပြသသင့်ပါတယ်။
လည်ချောင်းနာခြင်းကိုကာကွယ်ရန်
လည်ချောင်းနာရောဂါကို ကာကွယ်ဖို့အတွက် နေ့စဉ်ဘဝမှာ ကျန်းမာရေးအလေ့ထတွေကို လိုက်နာ ကျင့်သုံးဖို့လိုပါတယ်။။
-လက်ကို စင်ကြယ်စွာ ဆေးကြောပါ။
-လည်ချောင်းနာနေသူနှင့် ပန်းကန်၊ ခွက်၊ ဇွန်း အတူသုံးခြင်းမှ ရှောင်ကြဉ်ပါ။
-ဆေးလိပ်ငွေ့နှင့် ခြင်ဆေးငွေ့ ကားနှင့်ယာဥ်များမှထွက်သောမီးခိုးငွေ့ မီးစက်မောင်းရာမှထွက်တဲ့ မီးခိုးငွေ့ မီးလောင်ကျွမ်းရာမှထွက်တဲ့ မီးခိုးငွေ့ စတဲ့မီးခိုးငွေများ ရှူရှိုက်မိခြင်းကိုရှောင်ကြဉ်ပါ။
-လေထုညစ်ညမ်းမှုကြောင့် ထွက်လာတဲ့ PM 2.5 အပါအဝင် အခိုးငွေများရှူရှိုက်မိခြင်းမှရှောင်ပါ။
-ရာသီဥတု အကူးအပြောင်းမှာ ခန္ဓာကိုယ်ကျန်းမာအောင်နေထိုင်ပါ။
-လည်ချောင်းနာတိုင်း ပိုးသတ်ဆေး (Antibiotics) များကို မိမိသဘောဖြင့် ဝယ်မသောက်ပါနဲ့။ ဗိုင်းရပ်စ် ကြောင့်ဖြစ်တဲ့ လည်ချောင်းနာခြင်းခံစားရပါက ပိုးသတ်ဆေးပေးကုသတဲ့အခါ အာနိသင်မရှိတဲ့အပြင် ဆေးယဉ်ပါးမှု ပြဿနာကိုတောင် ဖြစ်စေနိုင်ပါတယ်။
နွေရာသီမှာလည်ချောင်းနာတာ ဘာလို့ ပိုဖြစ်ရတာလဲ
အခုလို နွေရာသီမှာ လေထုခြောက်သွေ့တာ၊ ဖုန်မှုန့်များတာနဲ့ ရေဓာတ်ခမ်းခြောက်တာတွေကြောင့်လည် ချောင်းနာခြင်း ပိုဖြစ်တတ်ပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ လေကို ရှူရှိုက်ရတဲ့အခါ လည်ချောင်း အတွင်းပိုင်းက အစိုဓာတ်တွေ ခမ်းခြောက်ပြီး ယားယံလာရာကနေ လည်ချောင်းနာပါတော့တယ်။
လေထဲမှာ ပန်းဝတ်မှုန်၊ ဖုန်မှုန့်နဲ့ အမှုန်အမွှားတွေ များတတ်တာကြောင့် ဓာတ်မတည့်ခြင်း (Allergies)၊ နှာစေး၊ ချောင်းဆိုးနဲ့အတူ လည်ချောင်းနာတာက တွဲဖြစ်ပါတယ်။
ခန္ဓာကိုယ်မှာ ရေဓာတ်မလုံလောက်တဲ့အခါ တံတွေးထွက်နှုန်း လျော့နည်းသွားပြီး လည်ချောင်းကို ကာကွယ်ပေးထားတဲ့ အကျိအချွဲလွှာလေးတွေ ခြောက်ကပ်သွားတတ်ပါတယ်။ ပူပြင်းခြောက်သွေ့ တဲ့ရာသီမို့ လည်ချောင်းနာခဲ့ရင် အကာအကွယ်နည်းသွားပြီး ပိုမိုပြင်းထန်တတ်ပါတယ်။
အပြင်ကနေ ပူပူကြီးပြန်လာပြီး အဲကွန်းအအေးဓာတ်ကို ချက်ချင်းထိတွေ့တာမျိုးက အပူ အအေး မမျှတဘဲ လည်ချောင်းကို ထိခိုက်စေပါတယ်။
ရေခဲစားရင်ရေခဲရေသောက်ရင် တကယ်ပဲလည်ချောင်းနာသလား
တိုက်ရိုက်မဟုတ်ပေမဲ့ သွယ်ဝိုက်ပြီးဖြစ်စေပါတယ်။ ခန္ဓာကိုယ်ပူနေချိန် ရေခဲရေသောက်လိုက်ရင် လည်ချောင်းသွေးကြောလေးတွေ ကျုံ့သွားပြီး ခုခံအားစနစ် ခဏတာ အားနည်းသွားပါတယ်။ အဲဒီ အချိန်မှာ ပတ်ဝန်းကျင်က ပိုးမွှားတွေက လည်ချောင်းကို အလွယ်တကူ ဝင်ရောက်တိုက်ခိုက်တာပါ။ ဒါ့အပြင် ရေခဲရဲ့ သန့်ရှင်းမှု အားနည်းတာကလည်း ပိုးဝင်စေတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။ရေခဲခွဲခြင်း ရေခဲကိုင်တွယ်ခြင်း တို့မှာလည်း သန့်ရှင်းမှုအားနည်းခြင်းကြောင့် စားသုံးမိသူကိုလည်ချောင်းနာ စေတတ် ပါတယ်။။
အသုံးများသောဆေးဝါးများ
လည်ချောင်းနာတာကို ကုသတဲ့နေရာမှာ ဖြစ်ရတဲ့အကြောင်းရင်းပေါ် မူတည်ပြီး ကုသတဲ့ဆေးဝါးတွေ မတူညီပါဘူး။
နာကျင်မှုနဲ့ ရောင်ရမ်းမှုကို လျှော့ချဖို့အတွက် Paracetamol ပါရာစီတမော Ibuprofen အိုင်ဘျူပရိုဖန် စတဲ့ဆေးတွေသောက်သုံးနိုင်ပါတယ်။ နာကျင်မှုသာမက လည်ချောင်းရောင်ရမ်းမှုကိုပါ လျော့ကျ သက်သာ စေပါတယ်။။
ငုံဆေး(Lozenges) တွေကတော့ လည်ချောင်းထဲက အစိုဓာတ်ကို ထိန်းပေးပြီး နာကျင်မှုကို ယာယီ ထုံသွားစေနိုင်ပါတယ်။ Antiseptic ပါဝင်တဲ့ ငုံဆေးတွေက ပိုးမွှားတွေကို သေစေနိုင်သလို Menthol ပါဝင်တဲ့ ဆေးတွေက အေးမြပြီး သက်သာစေပါတယ်။
ခံတွင်းသန့်အာလုတ်ကျင်းဆေးရည် (Povidone-Iodine) ကတော့ လည်ချောင်းထဲက ပိုးမွှားတွေကို သေစေပြီး ရောင်ရမ်းမှုကို သက်သာစေဖို့အတွက် အလွန်ထိရောက်ပါတယ်။
Amoxicillin, Azithromycin တို့လို ပိုးသတ်ဆေးဝါးတွေကတော့ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ လည်ချောင်းနာခြင်းအတွက်ကိုပဲ ကုသတဲ့ဆေးဝါးဖြစ်ပါတယ်။ ဆရာဝန်နဲ့ ပြသပြီးမှသာ ညွှန်ကြားချက် အတိုင်း စနစ် တကျသောက်သုံးရမယ့် ဆေးတွေဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အအေးမိ လည်ချောင်းနာတာဆိုရင်တော့ ပိုးသတ်ဆေး သောက်ဖို့ လုံးဝမလိုအပ်ပါဘူး။
လည်ချောင်းနာတဲ့အခါ ဗီတာမင်စီ (Vitamin C ) လို ဖြည့်စွက်စာအားဆေးတွေ သောက်ပေးရင်တော့ ခန္ဓာ ကိုယ်ရဲ့ ခုခံအားကို တက်စေပြီး အနာကျက် မြန်စေပါတယ်။
ဒီလောက်ဆိုရင် လည်ချောင်းနာခြင်းအကြောင်းကို နားလည်သဘောပေါက်သွားကြပြီလို့ ထင်ပါတယ်။ နှစ်သစ်မှာ အားလုံး ကျန်းမာရွှင်လန်းကြပါစေ။ နောက်တစ်ပတ်မှာတော့ “ခဲဆိပ်သင့်ခြင်း” အကြောင်းကို တင်ဆက်ပေးမှာမို့ စောင့်မျှော်ဖတ်ရှုကြပါဦး ခင်ဗျာ။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #လည်ချောင်းနာတဲ့ဝေဒနာ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times