‎ဧရာဝတီတိုင်းမ်
‎ဧပြီ ၁၉ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည့် ရွေးတုအစိုးရ၏ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အထိနာပြီး စစ်ကြောင်းပျက်သွားခဲ့ကြောင်း သိရသည်။

မှော်စီဆာနှင့် နမ္မဖြစ်ကြားရှိ တိုက်ပွဲနေရာသို့ အင်အား ၆၀ ခန့်ဖြင့် စစ်ကူသွားရောက်ရန် စစ်ကြောင်း ထိုးလာသည့် အဆိုပါအဖွဲ့ကို ‎ယနေ့ ဧပြီ ၁၉ရက်၊ နံနက် ၈ နာရီဝန်းကျင်က မလန်ဒုံရွာအကျော် အရောက်တွင် ကြားဖြတ်တိုက်ခိုက်ခြင်းနှင့် မိုင်းဆွဲတိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

‎”မိုင်းကွင်းအဖြတ်မှာ ဝင်တိုက်ခိုက်ခံလိုက်ရလို့ သေဆုံး၊ ပြတ်တောက်တွေများသွားတယ်။ စစ်တပ်က ပြည်သူ့ စစ်အဖွဲ့တွေကို ဆက်တိုက် တပ်ဖြန်နေတာပေါ့။ ကာမိုင်းဘက်က စစ်ကြောင်းထွက်တယ် ဆိုတာလည်း ပျောက်နေတယ်။ သေကုန်ပြီနေမယ်” ဟု ဖားကန့် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်တပ်နှင့် ပြည်သူ့စစ်အဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရ ရှိခဲ့ကာ စစ်ကြောင်းမှာ ပျက်စီးသွားခဲ့‌ကြောင်းဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။


‎အဆိုပါစစ်ကြောင်းတွင် ဦးဇခုန်တိန့်ယိန်း၏ ပြည်သူ့စစ်၊ မင်းဇေသန့်၏ ဝါရာဇွပ်ပြည်သူ့စစ်၊ ဦးရွှေမင်း၏ လီဆူပြည်သူ့စစ်အဖွဲ့များနှင့် စစ်တပ် တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ကြောင်း သိရသည်။

စစ်တပ်သည် ပြည်သူ့စစ်အဖွဲ့များကို အဓိကအားထား၍ စစ်ကြောင်းထိုးခြင်း၊ နယ်မြေထိန်းသိမ်း ခြင်းများ ပြုလုပ်လာသည်။ ပူးပေါင်းဖွဲ့စည်းထားသည့် စစ်ကြောင်းများသည် တော်လှန်ရေးအဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်ခံနေရပြီး စစ်ကြောင်းပျက်အထိနာနေကြောင်း သိရသည်။

မှော်စီဆာနှင့် နမ္မဖြစ်ကြား တိုက်ပွဲရင်ဆိုင်နေရသည့် အခြေအနေရှိနေပြီး စစ်တပ်အနေဖြင့် ထိုနေရာများကို ဆက်လက်ထိန်းချုပ်ရန် အသည်းအသန် ကြိုးပမ်းနေသည်။ ယခုကဲ့သို့ စစ်ကြောင်း ပျက်သွားခြင်းသည် တိုက်ပွဲဖြစ်ပွားနေသည့် နေရာများအတွက် စစ်ကူမရောက်နိုင်တော့သည့်အပြင် တပ်ကူရရှိရန် အခက်အခဲပိုမိုကြီးထွားလာကြောင်း သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ယမန်နေ့ကလည်း ဟူးကောင်းဒေသရှိ ပြည်သူ့စစ်ကာကင်းစခန်း နှစ်ခုကို KIAက သိမ်းပိုက်နိုင်ခဲ့သည်။

ပုံစာ-kIA တပ်ဖွဲ့ဝင်များ(ပုံဟောင်း)