‎ဧရာဝတီတိုင်းမ်
‎ဧပြီ ၁၉ရက်

‎ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ဟူးကောင်းဒေသတွင် ဧပြီ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲ အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က စစ်ကော်မရှင် လက်အောက်ခံ ပြည်သူ့စစ်စခန်း နှစ် ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များအရ သိရသည်။

‎KIA တပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့သည့် စခန်းများမှာ အွယ်လောစခန်းနှင့် ခလမ်ကောင့်စခန်းတို့ ဖြစ်ပြီး အဆိုပါ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်နှင့် ဝါရာဇွပ် ပြည်သူ့စစ်ဘက်မှ ၁၅ ဦးခန့် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြားကိုလည်း KIA က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

‎”KIA တပ်မဟာ၂၊ တပ်ရင်း ၁၄ နဲ့ တပ်ရင်း ၂၀ တို့က ဝါရာဇွပ်ပြည်သူ့စစ်စခန်း သုံးခုကို ဝင်တိုက်တာမှာ နှစ်ခုကို သိမ်းရသွားတယ်လို့ အတည်ပြုနိုင်ပါတယ် “ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎စစ်ကော်မရှင်နှင့် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များသည် ဖားကန့်ရှိ ဥရုရတနာချောင်းနှင့် ဆုတောင်း ကုန်းတို့တွင် ခိုင်မာစွာနေရာယူထားကြောင်း ဝါဒဖြန့်မှုများ ပြုလုပ်ထားသော်လည်း ယခု တိုက်ပွဲ ဖြစ်စဉ်က အဆိုပါနယ်မြေများတွင် စစ်ရေးအရ အထိနာနေသည့် အခြေအနေကို ဖော်ပြနေသည်။

ထို့အပြင် အဆိုပါပြည်သူ့စစ်စခန်းများသည် ဖားကန့်မြို့နယ်အတွင်းရှိ စစ်မျက်နှာပြင်များသို့ စစ်ကူ စစ်ကြောင်းများ ပေးပို့နေသည့် စခန်းများလည်း ဖြစ်‌ကြောင်း သိရသည်။

‎အွယ်လောနှင့် ခလမ်ကောင့်စခန်းများသည် ဖားကန့်မြို့နယ်သို့ စစ်ကူနှင့် လက်နက်ခဲယမ်းများ ပို့ဆောင် ရာတွင် အရေးပါသည့် ပြည်သူ့စစ်စခန်းများ ဖြစ်သည်ဟု‌ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။ စစ်တပ်က ဥရုရတနာချောင်းနှင့် ဆုတောင်းကုန်းတို့တွင် ၎င်းတို့ စိုးမိုးထားကြောင်း ဝါဒဖြန့်ထားသော် လည်း၊ ပြည်သူ့စစ်စခန်းများ လက်လွတ်လိုက်ရခြင်းသည် စစ်ရေးအရ အင်အားနည်း အရေးနိမ့် နေကြောင်း ထင်ရှားသည်။

ပုံစာ-KIA တပ်ဖွဲ့ဝင်များ။