ဧရာဝတီတိုင်းမ်
ဧပြီ ၁၉ ရက်

 

မကွေးတိုင်းအတွင်း အခြေစိုက်လှုပ်ရှားနေသည့် Local People’s Defense Force (LPDF) တပ်ဖွဲ့များက မကွေးဖက်ဒရယ်ယူနစ်အစိုးရ လမ်းညွှန်မှုအောက်တွင် တိုက်ပွဲဝင်သွားမည်ဟု သဘောထားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

 

အဆိုပါထုတ်ပြန်ချက်တွင် မကွေးတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများအနေဖြင့် မကွေးတိုင်း ဖက်ဒရယ်ယူနစ်အစိုးရအား ကြိုဆိုကြောင်းနှင့် လမ်းညွှန်မှုအောက်တွင် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

 

မကွေး LPDF တပ်ဖွဲ့များသည် စစ်တပ်အာဏာသိမ်းချိန်မှစတင်၍ ပြည်သူလူထု၏ ပံ့ပိုးကူညီမှုများဖြင့် တိုက်ပွဲဝင်လာခဲ့ပြီး ဆက်လက်၍လည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တော်လှန်ရေးနည်းလမ်းများကို ခိုင်မာစွာကိုင်စွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိပြု ထားသည်။

နွေဦးတော်လှန်ရေး ၅ နှစ်တာကာလအတွင်း “ပြည်နယ်များအားကောင်းရေးမှ တစ်တိုင်းပြည်လုံး အား ကောင်းရေး” ဆိုသည့်မူဝါဒနှင့်အညီ မကွေးတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများအနေဖြင့် စုစည်းတိုက်ပွဲဝင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် မကွေးတိုင်းယူနစ်အစိုးရအဖွဲ့၏ ဦးဆောင်မှုအောက်တွင် ပိုမိုထိရောက်သော တိုက်ပွဲများ ဖော်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။

 

မကွေးတိုင်းအတွင်းရှိ အခြားသော LPDF တပ်ဖွဲ့များအားလည်း မိမိတို့နှင့်အတူ ပူးပေါင်း၍ မကွေးတိုင်းယူနစ်အစိုးရ၏ ဦးဆောင်မှုအောက်တွင် စုစည်းရန်၊ထိရောက်သော တိုက်ပွဲများဖော်ဆောင် နိုင်ရေးအတွက် စနစ်တကျ ပြင်ဆင်ဖွဲ့စည်းရန်၊ တော်လှန်ရေးအောင်မြင်သည်အထိ ညီညွတ်စွာ လက်တွဲတိုက်ပွဲဝင်သွားရန် တိုက်တွန်းနှိုးဆော်ထားသည်။

 

မကွေးတိုင်းအတွင်း စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် လွတ်မြောက်ရေးအတွက် မကွေးယူနစ်အစိုးရ၏ လမ်းညွှန်ချက်အတိုင်း ပိုမိုစည်းလုံးညီညွတ်စွာ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် အလေးအနက် ဖော်ပြထားသည်။

 

မကွေးယူနစ်အစိုးရအောက်တွင် SOUTHERN YESAGYO PDF၊ ပခုက္ကူခရိုင် Local တပ်ရင်း(PDLB)၊ Earthquake People’s Defense Forcee၊ Six Senses Guerrilla Force၊Justice Revolution Force၊ Thurain TR၊ Pakokku Redfighter Force၊ 21Bagan People Defense Force၊ Kamma Underground People Defense Force၊ စကြာဒေသကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းရင်သွေး ပြောက်ကျားတပ်ဖွဲ့၊ Joker ပြောက်ကျားတပ်ဖွဲ့၊ TYK ပြောက်ကျားတပ်ဖွဲ့၊ Ghost Of Enemies-GOE Revolution၊ Badassess Burma Force၊ Good Brothers၊ People’s Liberation Force၊ Myaing UAV Fighter Drone၊ Bo Sakar Guerrilla Force၊ Northern Pauk Revolution Front(NPRF)၊ Myaing Air Fighter People’s Defense Force တို့က ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။