ဧရာဝတီတိုင်းမ်
ဧပြီ ၁၉ ရက်

 

ရခိုင်ပြည်နယ်ရှိ မြောက်ဦးမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အရပ်သားကျေးရွာများနှင့် အခြေခံ အဆောက်အအုံများကို စစ်အုပ်စု က ယနေ့ ဧပြီ ၁၉ ရက်တွင် ဂျက်ဖိုက်တာများဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

စစ်အုပ်စုသည် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်မှစတင်ကာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြောက်ဦးနှင့် ကျောက်တော်မြို့နယ်အကြားရှိ ကျောက်ဆည်ပြင်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ပုဏ္ဏားကျွန်းမှာ တပ်ရင်းဟောင်းနေရာရယ်၊ ဓာတ်အားခွဲစက်ရုံရယ်၊ ရေဖြူကန်တံတားအနီးရယ်ကို ကြဲသွားတာ။ နေအိမ်တွေလည်း အတော်များများ ပျက်စီးကုန်တယ်။ လတ်တလောတော့ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့ သိရတယ်” ဟု ရခိုင်ဒေသ သတင်းရင်းမြစ်တစ်ခုက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ထို့အပြင် ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ဓာတ်အားခွဲစက်ရုံကိုလည်း ဂျက်ဖိုက်တာ သုံးစင်းဖြင့် ဗုံးကြဲခဲ့ရာ ခမရ-၅၄၀ တပ်ရင်းဟောင်းနေရာများသို့ပါ ဗုံးသီးများကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

စစ်အုပ်စုသည် ယနေ့နံနက်ပိုင်းတွင်ပင် ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်ရှိ ဒေါင်းဒေါင်း ယို ကျေးရွာများကိုလည်း လေကြောင်းမှ တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့သဖြင့် အဆောက်အအုံ ပျက်စီးမှုများနှင့် ဒဏ်ရာရရှိသူများရှိနေပြီး အသေးစိတ်ကို ဆက်လက်အတည်ပြုနေဆဲ ဖြစ်သည်။

 

၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ထွက်လာသော အစိုးရ (ရွေးတုအစိုးရ) သည် မြေပြင်စစ်မျက်နှာတွင် ရှုံးနိမ့်မှုများ ကြုံတွေ့နေရချိန်တွင် ယခုကဲ့သို့ အရပ်သားပြည်သူများ နေထိုင်ရာ ဒေသများကို လေကြောင်းမှ ဦးတည်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာခြင်း ဖြစ်သည်။

 

ဓာတ်ပုံ-လူမှုကွန်ရက်