ဧရာဝတီတိုင်းမ်
ဧပြီ ၁၉ ရက်

 

၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ထွက်လာသော အစိုးရ (ရွေးတုအစိုးရ) က ပေးအပ်သည့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် လူငယ်နိုင်ငံရေးအကျဉ်းသားများသည် ရွေးတုအစိုးရ၏ အတင်းအဓမ္မ စစ်မှုထမ်းဥပဒေကြောင့် ၎င်းတို့၏ ပြင်ပဘဝလုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်သည်။

 

နိုင်ငံရေးအကျဉ်းသားများအပါအဝင် လူငယ်အကျဉ်းသားများစွာသည် အတင်းဓမ္မဆောင်ရွက်နေသော စစ်မှု ထမ်းဥပဒေကြောင့် လက်ရှိပြင်ပဘဝတွင် စိုးရိမ်ကြောက်ရွံ့မှုနှင့် မသေချာမရေရာသော ဘဝကိုရင်ဆိုင်နေရကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

 

အဆိုပါအခြေနေများကို ကျော်ဖြတ်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများ စုစည်းညီညွတ်စွာဖြင့် ပန်းတိုင်ရောင်ရှိရန်ဆက်လက်တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင်ရွေးတုအစိုးအနေဖြင့် ငြိမ်းချမ်းရေးနှင့် နိုင်ငံတော်တည်ငြိမ်ရေးကို အစစ်အမှန် အကောင်အဖော်လိုလျှင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိပြန်လွှတ်ပေးရန်နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ပြန်ပေးရန်လိုအပ်ကြောင်း AAPP က ဆိုသည်။

 

ယနေ့အချိန်ထိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သတ်၍ သတင်းတစ်စုံတရာသိကြားရခြင်းမရှိသဖြင့် သားဖြစ်သူကင်မ်အဲရစ်အပါအဝင် ပြည်သူများက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုနေကြသည်။

 

နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူများထဲတွင် နိုင်ငံရေးအကျဉ်းသား ရာဂဏန်းသာအတည်ပြုနိုင်ပြီး ကျန်ရှိနေသူများကို စိစစ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် ( PPNM) က ထုတ်ပြန်ထားသည်။

 

မြန်မာ့နှစ်သစ်ကူးအထိမ်းအမှတ်လွတ်ငြိမ်းချမ်းသာခွင့်ပေးရာ၌ အကျဉ်းသား ၄,၃၃၅ ဦးပါဝင်ပြီး ပြစ်ဒဏ်များကို လျော့ပေါ့ပေးထားသည်ဟု ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – CJ