ဧရာ၀တီတိုင်းမ်
ဧပြီ ၁၈ ရက်

 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသည့် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ၎င်းတို့၏ မူလရာထူးများအတိုင်း ဆက်လက်အသိအမှတ်ပြုထားပြီး စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်ပတ် သက်နေမှုကို အပြီးတိုင် အဆုံးသတ်သွားမည်ဖြစ်ကြောင်း ယနေ့ ဧပြီ ၁၈ ရက်တွင် သဘောထား ထုတ်ပြန်သည်။

 

ယနေ့ထုတ်ပြန်သည့် NUG ၏ အချက် ခြောက်ချက်ပါ ကြေညာချက်တွင် စစ်အာဏာရှင်တို့၏ မတရား ဖမ်းဆီးမှုမှ သမ္မတကြီး ဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာခြင်းသည် တော်လှန်ရေးအင်အားစုများ၏ ဖိအားကြောင့်ရရှိလာသော ပြည်သူ့အောင်ပွဲ ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် NUG အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (EROs) နှင့် နွေဦး တော်လှန်ရေး အင်အားစုအားလုံးသည် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုသာ တစ်ခုတည်းသော တရားဝင်မှု အဖြစ်ဆက် လက်ကိုင်စွဲထားသည်။ ထို့ကြောင့် သမ္မတကြီး ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် ပြည်သူ့ရွေး ကောက်ခံ နိုင်ငံတော်ခေါင်းဆောင်များအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း NUG က အတည်ပြုထုတ်ပြန်ထားသည်။

 

နွေဦးတော်လှန်ရေး၏ အန္တိမပန်းတိုင်သည် ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေးထက် ပိုမိုကျယ်ပြန့်ပြီး စစ်အာဏာရှင် လူတစ်စုက တိုင်းပြည်ကို ဖိနှိပ်ချုပ်ချယ်နေသည့် အဆိုးကျော့ သံသရာကို အပြီးတိုင် အဆုံးသတ်ရန်အတွက် စစ်တပ်၏ နိုင်ငံရေးအခန်းကဏ္ဍ အပြီးတိုင်ရပ်စဲရန်၊ လက်နက်ကိုင်တပ်အားလုံးကို ရွေးကောက်ခံ အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်တွင် သာထား ရှိရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက် သိမ်းရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကိုရေးဆွဲပြဋ္ဌာန်းရန်၊ ပြည်ထောင်စုသစ်ကို တည်ဆောက်ပြီး မတရား ကျူးလွန်ခံရသူများအတွက် တရားမျှတမှု ဖော်ဆောင်ရန်အတွက် ဘုံသဘောထား ၆ ရပ်ကို အကောင် အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

 

စစ်အုပ်စုက ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှု ရရှိမှသာ တော်လှန်ရေး အောင်မြင်သည်ဟု မှတ်ယူထားပြီး ခေတ်ပြောင်းစနစ်ပြောင်း ဖြစ်ပေါ်လာသည်အထိ ဆုံးခန်းတိုင် ချီတက်သွားမည်ဟု အဓိဋ္ဌာန်ပြုကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဓာတ်ပုံ-လူမှုကွန်ရက်