ဧရာဝတီတိုင်းမ်
ဧပြီ ၁၈ ရက်

နွေဦးတော်လှန်ရေးသည် ရပ်တန့်နေခြင်းမရှိဘဲ ပြောက်ကျားနည်းဗျူဟာကို အသုံးပြုကာ ရန်သူအား ပြန်လည်ဝိုင်းပတ်ခြင်းနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများကို အဆင့်မြှင့်တင် လုပ်ဆောင်နေကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အသိပေး ပြောဆိုသည်။

မြန်မာနှစ်ဆန်း ၁ ရက်နေ့ ဧပြီ ၁၇ ရက်နေ့က ထုတ်လွှင့်သည့် သဝဏ်လွှာတွင် ဝန်ကြီးဦးရည်မွန်က လက်ရှိစစ်ရေးအခြေအနေနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီအချိန်မှာ တော်လှန်ရေးဟာ ရပ်တန့်နေတာမရှိသလို နောက်ဆုတ်နေတာလည်း မရှိပါဘူး။ လတ်တလော မြို့တချို့ကို လက်လွှတ်ခဲ့ရပေမယ့် နယ်မြေတွေမှာ တော်လှန်ရေးရဲဘော်တွေ ဆက်ရှိနေ ပါတယ်။ ပြောက် ကျားနည်းဗျူဟာသုံးပြီး ရန်သူကို ပြန်လည်ဝိုင်းပတ်ရေးနဲ့ နယ်မြေစိုးမိုးရေး လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယခုဆိုလျှင် ၅ နှစ်သက်တမ်း ရှိလာပြီဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သည် ရင့်ကျက်တည်ငြိမ်သည့် အဆင့်တစ်ခုသို့ ရောက်ရှိလာပြီ ၂၀၂၅ ခုနှစ်အတွင်း PDF တပ်ရင်းတပ်ဖွဲ့ အားလုံးကို စစ်ရုံးချုပ်နှင့် တိုင်း/ခရိုင် စစ်ဌာနများအလိုက် “တစ်ခုတည်းသော ကွပ်ကဲမှုစနစ်” အောက်တွင် တည်ဆောက်နိုင်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတွင် လက်နက်ခဲယမ်းနှင့် ဘဏ္ဍာရေး အကန့်အသတ်ရှိသဖြင့် မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲ ကြီးများကို အကန့်အသတ်ဖြင့်သာ ဆောင်ရွက်နိုင်သော်လည်း ပုံမှန်အားဖြင့် ပြောက်ကျားလှုပ်ရှား ခြွေစစ်ကို အားပြုကာ စစ်နည်းဗျူဟာမျိုးစုံဖြင့် တိုက်ပွဲဝင်ရန် ရဲဘော်များကို လေ့ကျင့်ပျိုးထောင် ထားကြောင်း ဝန်ကြီးက ပြောကြားသည်။

နိုင်ငံရေးမျက်နှာစာတွင်လည်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ဖွဲ့စည်းနိုင်မှုသည် တော်လှန်ရေး၏ အရေးပါသော တိုးတက်မှုဖြစ်ပြီး အဆိုပါကောင်စီသည် “One Policy, One Strategy” တစ်ခုတည်းသော မူဝါဒ၊ မဟာဗျူဟာအောက်တွင် ဦးဆောင်မှုခိုင်မာ ရန်နှင့် မဟာဗျူဟာမှန်ကန်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် စစ်ရေးအပိုင်း၌ ဗဟိုကွပ်ကဲမှုစနစ်ကို ပိုမိုခိုင်မာအောင်တည်ဆောက်ပြီး တစ်နိုင်ငံလုံး လွှမ်းခြုံသည့် စစ်မဟာဗျူဟာဖြင့် ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ထွက်လာသော အစိုးရ (ရွေးတုအစိုးရ) ကို အပြီးတိုင်တိုက်ဖျက်နိုင်ရန် ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်း NUG ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဓာတ်ပုံ-NUG