နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၁၈ ရက်

မတရားဖမ်းဆီးချုပ်နှောင်ခံရရာမှ ပြန်လည်လွတ်မြောက်လာသည့် ဦးဝင်းမြင့်ကို နိုင်ငံတော် သမ္မတ အဖြစ် တရားဝင်ဆက်လက်အသိအမှတ်ပြုထားဆဲဖြစ်ပြီး ယင်းမှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC) ၏ မယိမ်းယိုင်သော ရပ်တည်ချက်ဖြစ်ကြောင်း သိရသည်။

၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ထွက်လာသော အစိုးရ (ရွေးတုအစိုးရ) ၏ အမည်ခံ သမ္မတမင်းအောင်လှိုင်သည် ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် လွတ်ငြိမ်းဖြင့် ပြန်လည် လွတ်ပေးရာတွင် သမ္မတ ဦးဝင်းမြင့်လည်း ပါဝင်လာပြီး NUCC က သဘောထားထုတ်ပြန် ပြောဆို လာခြင်းဖြစ်သည်။

NUCC အနေဖြင့် စတင်ဖွဲ့စည်းစဉ်ကတည်းက ရှိထားသည့် ရပ်တည်ချက်အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ခြင်းဖြစ်ကြောင်း ကောင်စီဝင် ဒေါ်နှင်းနှင်းမွှေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

“သမ္မတဦးဝင်းမြင့်ကို လူထုက ရွေးကောက်တင်မြှောက်ထားတာ ဖြစ်ပါတယ်။ လူထုအနေနဲ့လည်း အဲ့ဒီအတိုင်း ဆက်လက်ပြီး သဘောထားကြလိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်” ဟု ၎င်းက ဆိုသည်။

သမ္မတဦးဝင်းမြင့်သည် နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်နေစဉ်အတွင်း အကြမ်းဖက်စစ်အုပ်စုက ၎င်းတို့စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပင် ချိုးဖောက်ကာ နိုင်ငံတော် ပုန်ကန်မှုကျူးလွန်၍ မတရားဖမ်းဆီးချုပ်နှောင်ခြင်း ခံခဲ့ရခြင်းဖြစ်သည်။

သမ္မတကြီးအနေဖြင့် ကျန်းမာစွာဖြင့် မိသားစုနှင့် ပြန်လည်ဆုံစည်းရသည့်အပေါ် ပြည်သူလူထုနှင့်ထပ်တူ ဝမ်းမြောက်ရကြောင်း NUCC က ဆိုသည်။

ထို့အပြင် NUCC အနေဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မတရားဖမ်းဆီးခံ ထားရဆဲဖြစ်သော နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်း သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ပြည်သူများ၊ တော်လှန်ရေးအင်အားစုများနှင့်အတူ လက်တွဲ၍ အောင်ပွဲရသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု NUCC က ထပ်လောင်း အတည်ပြု ထားသည်။

ဓာတ်ပုံ-လူမှုကွန်ရက်