‎ဧရာဝတီတိုင်းမ်
‎ဧပြီ ၁၈ ရက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားချမှတ်ထားသည့် ပြစ်ဒဏ်များအား လျှော့ပေါ့ပေးခြင်းသည် အပေါ်ယံ ဟန်ပြလုပ်ရပ်သာဖြစ်ကြောင်း သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်း က ဝေဖန်ပြောကြားလိုက်သည်။

 

ကိုထိန်လင်း သည် The Straits Times သတင်းထောက် May Wong နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ထွက်လာသော အစိုးရ (ရွေးတုအစိုးရ) သည် မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ပြစ်ဒဏ်လျှော့ပေါ့ခွင့်ပြုရာ၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်၏ ထောင်ဒဏ်များမှ လေးနှစ်ခွဲခန့် လျှော့ပေါ့ပေးခဲ့သော်လည်း သူမတွင် စုစုပေါင်း ထောင်ဒဏ် ၂၂ နှစ်ခွဲခန့် ဆက်လက်ကျန်ရှိနေဦးမည် ဖြစ်သည်။

“ဒါဟာ (ရွေးတုအစိုးရအနေနဲ့) နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရရှိဖို့ ကြိုးပမ်းတဲ့ အပေါ်ယံ အပြုအမူတစ်ခုကလွဲလို့ ကျန်တာ ဘာအဓိပ္ပာယ်မှ မရှိပါဘူး။ ပြစ်ဒဏ်လျှော့ပေးတယ်ဆိုပေမဲ့ သူမဟာ အသက် ၁၀၀ ကျော်အထိ ထောင်ထဲမှာ ရှိနေဦးမှာပါ” ဟု ကိုထိန်လင်းက ဆိုသည်။

 

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ပြီဆိုသည့် ကောလာဟလများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သော်လည်း ယခုအချိန်ထိ အတည်မပြုနိုင် သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူက ဆက်လက်ပြောကြားသည်။


“သားတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ မျှော်လင့်ချက်က ရိုးရိုးလေးပါပဲ။ ကျွန်တော့်အမေ လွတ်မြောက် လာတာကို မြင်ချင်တယ်။ သူမ ဘေးကင်းလုံခြုံတယ်ဆိုတာ သိချင်တယ်။ ပြီးတော့ နိုင်ငံရေးအကျဉ်း သားအားလုံး လွတ်မြောက်တာကို မြင်ချင်ပါတယ်” ဟု ကိုထိန်လင်းက ဖြည့်စွက်ပြောသည်။


ထို့ပြင် သမ္မတကြီး ဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာမှုကို ကြိုဆိုသော်လည်း ယခုလုပ်ရပ်မှာ စစ်ဝတ်စုံချွတ် ရွေးတုအစိုးရက နိုင်ငံတကာဖဖိအားများကို လျှော့ချရန်နှင့် ပုံရိပ်မြှင့်တင်ရန်အတွက် မဟာဗျူဟာမြောက် လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။


“မင်းအောင်လှိုင်အနေနဲ့ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်မယ်လို့ ကျွန်တော် မယုံကြည်ဘူး။ လောလောဆယ် အခြေအနေအရပ်ရပ်မှာ ပုံစံအသစ်ပြပေမဲ့ မူလ (အာဏာရှင်) အတိုင်းပဲ ရှိနေပါသေးတယ်” ဟု ကိုထိန်လင်းက ဆိုသည်။

 

ရွေးတုအစိုးရသည် ယခုနှစ် လွတ်ငြိမ်းခွင့်တွင် သေဒဏ်ကျခံနေရသူများကို ထောင်ဒဏ်တစ်သက် (သို့မဟုတ်) နှစ် ၄၀ သို့ လျှော့ပေါ့ခြင်း၊ ထောင်ဒဏ် နှစ် ၄၀ နှင့်အောက် ကျခံနေရသူများ၏ ပြစ်ဒဏ်အား ခြောက်ပုံတစ်ပုံ လျှော့ပေါ့ခြင်းနှင့် နိုင်ငံခြားသား ၁၇၉ ဦးကို ပြည်နှင်ဒဏ်ပေးခြင်းတို့ ပြုလုပ်ခဲ့သည်။

 

ပြီးခဲ့သည့် ဧပြီ ၃ ရက်နေ့တွင် စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် ရွေးတုလွှတ်တော်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ရွေးတုသမ္မတအဖြစ် ခန့်အပ်ခဲ့ပြီးနောက် ယခုကဲ့သို့ လွတ်ငြိမ်းခွင့်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

 

ဓာတ်ပုံ -ကင်မ်အဲရစ်