ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ ဧပြီ ၁၇ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်းလီကျေးရွာအနီးတွင် ချင်းပြည် (Chinland) အစိုးရ ကာကွယ် ရေးတပ်ဖွဲ့များနှင့် ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ထွက်လာသော အစိုးရ (ရွေးတုအစိုးရ) ၏ တပ်များအကြား ယနေ့ ဧပြီ ၁၇ ရက် နံနက်ပိုင်းမှစတင်ကာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့-ဟွာလ်ငိုးရမ် (CDF-Hualngoram) မှ ရဲဘော်တစ်ဦး ကျဆုံး သွားကြောင်း သိရသည်။
တိုက်ပွဲအတွင်း ကျဆုံးသွားသည့် ရဲဘော်မှာ CDF-Hualngoram မှ ရဲဘော် ဆလိုင်းထန်းပူ ဖြစ်ပြီးရဲဘော် လေး ဦး မှာလည်း ဒဏ်ရာရရှိကာ ၎င်းတို့အနက် နှစ် ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ဖလမ်းမြို့နယ်၊ ခွန်းလီရွာအနီးရှိ ရွေးတုအစိုးရ၏ တပ်စခန်းကို ပြီးခဲ့သည့် ဧပြီ ၁၄ ရက်နေ့တွင် ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အဆိုပါစခန်းအား ပြန်လည် ထိန်းချုပ်ရန် ကြိုးပမ်းလာသည့် ရွေးတုအစိုးရတပ်များနှင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားနေခြင်း ဖြစ်သည်။
ခွန်းလီရွာအနီး စခန်းသိမ်းတိုက်ပွဲ စတင်သည့်နေ့မှ ယနေ့အထိ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဘက်မှ စုစုပေါင်း ရဲဘော် ငါး ဦး ကျဆုံးခဲ့ပြီး ဖြစ်သည်။
လက်ရှိတွင် ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် ရွေးတုအစိုးရဘက်မှ တပ်ကူများ ထပ်မံ စေလွှတ်နေသဖြင့် ချင်းပြည်အစိုးရ ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ ကြောင်း သိရသည်။
ပုံစာ- ကျဆုံးသွားသော CDF-Hualngoram ရဲဘော်။