ဧရာဝတီတိုင်းမ်
ဧပြီ ၁၇ ရက်

 

မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းသားများကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးလာသည်နှင့်အမျှ လူထုခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထားပေးမည်ဆိုသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာသော်လည်း ယခုအချိန်ထိ ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ထွက် လာသော အစိုးရ (ရွေးတုအစိုးရ) ဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်လုပ်ဆောင်ခြင်း မရှိသေးကြောင်း သိရသည်။

 

ယနေ့တွင် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၄,၀၀၀ ကျော်နှင့်အတူ မတရားဖမ်းဆီး ချုပ်နှောင်ခံထားရသည့် သမ္မတကြီး ဦးဝင်းမြင့် လွတ်မြောက်လာခဲ့သော်လည်း၊ ဒေါ်အောင်ဆန်းစုကြည် အတွက်မူ နေအိမ်အကျယ်ချုပ် သတင်းစကားများမှအပ ရွေးတုအစိုးရ ဘက်က တရားဝင် အတည်ပြုချက် မပေးသေးပေ။

 

“ဒေါ်အောင်ဆန်းစုကြည်ကို သီးသန့် လျှော့ပေးတာ မဟုတ်ပါဘူး။ ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှ ပေါ်ထွက်လာသော သမ္မတ (ရွေးတုသမ္မတ) ရဲ့ အမိန့်အမှတ် ၃၉ အရ ထောင်ဒဏ် ၄၀ နှစ်အောက် လျှော့ပေးတဲ့သူတိုင်းထဲမှာ သူလည်း အကျုံးဝင်နေတာပါ” ဟု ရှေ့နေတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရွေးတုသမ္မတ ဦးမင်းအောင်လှိုင် ထုတ်ပြန်သည့် ပြစ်ဒဏ်လျှော့ပေါ့ခွင့် အမိန့်အရ ထောင်ဒဏ် ၄၀ နှစ်အောက် ကျခံနေရသူများကို ကျန်ရှိပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံ လျှော့ပေါ့ပေးခြင်းဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်အတွက် ပြစ်ဒဏ် ၄ နှစ်နှင့် ၆ လခန့် လျှော့ပေါ့မှုတွင် အကျုံးဝင်နေကြောင်း ဥပဒေပညာရှင်များက တွက်ချက်ထားကြသည်။

 

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်အုပ်စုက ဖမ်းဆီးပြီးနောက် နိုင်ငံရေး လှုံ့ဆော်မှု၊ အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲမသမာမှုနှင့် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ စသည့် ပုဒ်မအမျိုးမျိုးတပ်ကာ ထောင်ဒဏ်နှစ်ရှည် ချမှတ်ထားခြင်း ဖြစ်သည်။

 

နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့မည်ဆိုသည့် သတင်းများကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တာဝန်ရှိသူအချို့သည် လူထုခေါင်းဆောင်နှင့် တွေ့ဆုံနိုင်ရန် နေပြည်တော်သို့ သွားရောက် စောင့်ဆိုင်း မှုများ ရှိနေကြောင်း ပါတီနှင့်နီးစပ်သူများထံမှ သိရသည်။

 

သို့သော်လည်း ရွေးတုအစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား လက်ရှိတွင် မည်သည့်နေရာ၌ ချုပ်နှောင်ထားသည်ကိုပင် ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ ဆက်လက်လျှို့ဝှက်ထားဆဲ ဖြစ်သည်။