ဧရာဝတီတိုင်းမ်
ဧပြီ ၁၇ ရက်
အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ထွက်လာသော ရွေးတုသမ္မတ မင်းအောင်လှိုင်သည် မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား လက်ရှိကျခံနေရသော ပြစ်ဒဏ်များ အားလုံးမှ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း သိရသည်။
ယနေ့ ဧပြီ ၁၇ ရက်နေ့တွင် ထုတ်ပြန်သည့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ တောင်ငူအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည့် သမ္မတဦးဝင်းမြင့်ကို ကျန်ရှိနေသော ပြစ်ဒဏ်များ လျှော့ပေါ့ပေးကာ မိသားစုထံ ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်သည်။
သမ္မတဦးဝင်းမြင့်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းစကာလမှစတင်ကာ အာဏာသိမ်းစစ်အုပ်စု၏ မတရားဖမ်းဆီးခြင်းကို ခံခဲ့ရပြီး၊ ရွေးတုအစိုးရ၏ တရားရုံးများက အဂတိအမှု ၅ မှုအပါအဝင် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေများနှင့် ပုဒ်မ ၁၃၀-က တို့ဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ်အထိ ချမှတ်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်းက ပြစ်ဒဏ်အချို့ လျှော့ပေါ့ပေးခဲ့သဖြင့် ထောင်ဒဏ် ၈ နှစ် ဆက်လက်ကျခံရန် ကျန်ရှိနေသေးသော်လည်း၊ ယနေ့တွင် ရွေးတုသမ္မတ မင်းအောင်လှိုင်က ကျန်ရှိသော ပြစ်ဒဏ်များကို လုံးဝလွတ်ငြိမ်းခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်သော သမ္မတဦးဝင်းမြင့်သည် အကျဉ်းထောင်အတွင်း ထိန်းသိမ်းခံ ထားရစဉ် ကျန်းမာရေးအခြေအနေ ဆိုးရွားခဲ့ဖူးပြီး ဆေးကုသမှုများ အနီးကပ်ခံယူခဲ့ရသည်။