ဧရာဝတီတိုင်းမ်
ဧပြီ ၁၇ ရက်
မြန်မာနှစ်ဆန်း ၁ ရက်နေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၄,၃၃၅ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား ၁၇၉ ဦးတို့ကို ယနေ့ ဧပြီ ၁၇ ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း အတုအယောင်ရွေးကောက် ပွဲမှပေါ်ထွက်လာသောအစိုးရ (ရွေးတုအစိုးရ)က ထုတ်ပြန်ခဲ့သည်။
အတုအယောင်ရွေးကောက်ပွဲမှပေါ်ထွက်လာသောသမ္မတ ရာထူးရယူထားသည့် ရွေးတုသမ္မတ ဦးမင်းအောင်လှိုင် လက်မှတ်ရေးထိုး ထုတ်ပြန်သော အမိန့်အမှတ် ၃၉၊ ၄၀ နှင့် ၄၁ အရ အကျဉ်းသားများကို လွတ် ငြိမ်းခွင့်နှင့် ပြစ်ဒဏ်လျှော့ပေါ့ခွင့်များ ပေးခဲ့ခြင်းဖြစ်သည်။

ရွေးတုသမ္မတသည် “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခုကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက် လက်ကျခံပါမည်” ဟူသော ကတိခံဝန်ချက်ဖြင့် အကျဉ်းသား ၄,၃၃၅ ဦးကို လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး နိုင်ငံခြားသား အကျဉ်းသား/သူ ၁၇၉ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ် ပေးခဲ့သည်။
ထို့ပြင် ပြစ်ဒဏ်လျှော့ပေါ့မှုများအနေဖြင့် သေဒဏ်ကျခံနေရသူများကို ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲခြင်း၊ ထောင်ဒဏ် တစ်သက်ကျခံနေရသူများကို နှစ် ၄၀ သို့ လျှော့ပေါ့ခြင်းနှင့် အခြားသော ထောင်ဒဏ်ကျခံနေရသူများကို ကျန်ရှိသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံ လျှော့ပေါ့ပေးခြင်းများ ပြုလုပ်ခဲ့သည်။
ရွေးတုအစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင် စေရန်ဟု အကြောင်းပြချက်ပေးထားသော်လည်း အဆိုပါ လွတ်ငြိမ်းခွင့်ရသူများထဲတွင် မတရားဖမ်း ဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ၊ လူထုခေါင်းဆောင်များနှင့် တော်လှန်ရေးအင်အားစုများ ပါဝင်ခြင်း ရှိမရှိကိုမူ သိရှိရခြင်း မရှိသေးပေ။

“လွတ်ငြိမ်း ပေးတဲ့အခါ အမှုကြီးတွေနဲ့ အရေးကြီးတဲ့ ပုဒ်မတွေကို အမြဲ ချန်လှပ်ထားလေ့ရှိပါတယ်။ သူတို့(စစ်တပ်) အာဏာသိမ်းပြီးနောက်ပိုင်း ၅ နှစ်အတွင်း ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းခွင့် အမိန့်တွေအရ အဂတိ လိုက်စားမှု၊ လက်နက်မှု၊အကြမ်းဖက်မှု တွေလိုရင်ဆိုင်နေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချန်ထားချင်တာကြောင့် လူသတ် ၊ မုဒိန်း နဲ့ ဆေးမှုတွေပါ တွဲပြီး ချန်လေ့ရှိပါတယ်။ ဒီတစ်ခါတော့ အဲ့ဒီလို မတွေ့လို့ စောင့်ကြည့်ရမယ်။ ဆေးမှုတွေ အများဆုံးလွှတ်ပေးမယ်ထင်တာပဲ” ဟု စစ်တပ် အာဏာသိမ်းပြီးနောက် ၅၀၅(က) ဖြင့် ထောင်ကျခဲ့သူ နိုင်ငံရေးအကျဉ်းသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် မန္တလေးတိုင်းအတွင်းရှိ အကျဉ်းထောင်နှင့် ကုန်ထုတ်စခန်းများမှ အကျဉ်းသား ၇၉၆ ဦး၊ အကျဉ်းသူ ၁၃၂ ဦး၊ စုစုပေါင်း ၉၂၈ ဦး လွတ်မြောက်လာပြီး အိုးဘိုထောင်မှ ၃၂၃ ဦး လွတ်မြောက် လာသည်ဟု သိရသည်။
နေပြည်တော်အကျဉ်းထောင်တွင် အကျဉ်းသားများ စတင်လွှတ်ပေးနေပြီး ရန်ကုန်ရှိ အင်းစိန်အကျဉ်း ထောင်ရှေ့တွင်လည်း မိသားစုဝင်များကာလွတ် မြောက်လာမည့်သူများကို လာရောက်စောင့်ဆိုင်း နေသည် ကို တွေ့ရသည်
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်စဉ်ပြုလုပ်လေ့ရှိသည့်လွတ်ငြိမ်းခွင့်များတွင် များသောအားဖြင့် ရာဇဝတ်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသူများကိုသာ အဓိကထား လွှတ်ပေးလေ့ရှိကြောင်း လူ့အခွင့်အရေး စောင့်ကြည့်သူများက ဆိုသည်။
ဓာတ်ပုံ-လူမှုကွန်ရက်