ဧရာ၀တီတိုင်းမ်
ဧပြီ ၁၆ ရက်

 

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရွေးတုသမ္မတဖြစ်လာခြင်းကို ကြိုဆိုကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ထုတ်ပြန်ခဲ့သည့်အပေါ် ကျေနပ်မှုမရှိသည့် မိုင်းငေါ့မြို့နယ်မှ CDM ဆရာ၊ ဆရာမများနှင့် ကျောင်းသူ/သား များက ယနေ့ ဧပြီ ၁၆ ရက်တွင် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်သည်။

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်ခရိုင်၊ မိုင်းငေါ့မြို့နယ် အခြေခံပညာအထက် တန်းကျောင်း (မိုင်းငေါ့) မှ CDM ဆရာ/မများနှင့် ကျောင်းသူ/သားများက “အထူးကန့်ကွက်ရှုံ့ချခြင်း” ခေါင်းစဉ်ဖြင့် ထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မိုင်းငေါ့ကျောင်းသည် စစ်ကော်မရှင်တပ်၏ လေကြောင်းမှ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲဖျက်ဆီးခြင်းကို ခံခဲ့ရပြီး လက်ရှိအချိန်အထိ ပျက်စီးမှုများ ရှိနေသေးသည်။ စစ်ကော်မရှင်သည် အရပ်ဖက်ပစ်မှတ်များကို နေ့စဉ် ရက်ဆက် ဗုံးကြဲနေချိန်တွင် မည်သည့်အဖွဲ့အစည်းမှ အသိအမှတ်မပြုသည့် အတုအယောင် ရွေးကောက်ပွဲ(ရွေးတု)မှတစ်ဆင့် သမ္မတ ဖြစ်လာသော မင်းအောင်လှိုင်ကို လက်ခံနိုင်ဖွယ်မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

“မတရားမှုအား နှုတ်ဆိတ်နေခြင်းသည် ထိုမတရားမှုအား လက်ခံအားပေးရာရောက်သည်။ အကြမ်းဖက် စစ်အုပ်စု အပါအဝင် ၎င်းတို့နှင့် ပူးပေါင်းပါဝင်သူများကို သမိုင်းတရားခံအနေဖြင့် မှတ်တမ်းတင် သွားမည်” ဟု မိုင်းငေါ့ဇုန် TLEC က ဆိုသည်။

 

ထို့ပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရွေးတုသမ္မတဖြစ်လာခြင်းကို ကြိုဆိုဂုဏ်ပြုသော အဖွဲ့အစည်း အားလုံးကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်းနှင့် အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းသူမှန်သမျှကို သမိုင်းတရားခံအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

 

အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်လည်း ထည့်သွင်း တောင်းဆို ထားသည်။

 

ဓာတ်ပုံ-တအာင်းအမျိုးသားပညာရေးကော်မတီ (ပုံဟောင်း)