‎ဧရာဝတီတိုင်းမ်
‎မတ် ၁၁ရက်

ကချင်ပြည်နယ်၊ ဗန်းမော်နှင့် ရွှေကူမြို့နယ်ကြား၊ စင်ခန်းဒေသရှိ ရွှေလုပ်ကွက်များကို စစ်ကော်မရှင်က ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ်များဖြင့် ၃ နာရီကျော်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရွှေလုပ်သား ၃၀ ခန့် သေဆုံးပြီး ပျောက်ဆုံးသူများလည်း ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကော်မရှင်သည် မတ်လ ၁၀ ရက်နေ့တွင် ဗန်းမော်မြို့နယ်ရှိ နန်ခုတ်နှင့် မြလယ်ကျေးရွာအနီးရှိ ရွှေမျှောသင်္ဘောနှင့် ရွှေမျှောဖောင်များအား ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ရွှေမျှောသင်္ဘောနှင့် ဖောင် ငါး စီးခန့် မီးလောင်ပေါက်ကွဲသွားခဲ့ပြီး ရွှေလုပ်သားများ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်။

“ရွှေမျှောသင်္ဘောနဲ့ ဖောင်တွေ မီးလောင်ပေါက်ကွဲသွားတယ်။ နေ့လယ်ကနေ ညနေထိ တောက်လျှောက် ဗုံးကြဲတာ။ သေတဲ့သူများနိုင်တယ်။ ၃၀ ဆိုပေမယ့် အခြေအနေအရ ပျောက်ဆုံး သေဆုံး ၁၀၀ ဝန်းကျင်အထိ ရှိသွားနိုင်တယ်” ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စင်ခန်းဒေသကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်ထား၍ စစ်ကော်မရှင်က ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ အလွန်ပြင်းထန်နေပြီး စစ်ကော်မရှင်က လေကြောင်းနှင့် ဒရုန်းများကို အဓိကထား တိုက်ခိုက်နေသည်။

တစ်ချိန်တည်းမှာပင် ရွှေကူဘက်မှ စစ်ကူများပို့ဆောင်ကာ ခုခံစစ်ပြင်ဆင်လျက်ရှိသည်။ အလားတူ ဝိုင်းမော်နှင့် ဖားကန့်မြို့နယ်တို့တွင်လည်း စစ်ရေးတင်းမာလျက်ရှိပြီး ဖားကန့်တွင် စစ်ကော်မရှင်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများ မြင့်တက်နေကြောင်း သိရသည်။

ပုံစာ-စင်ခန်းဒေသကို စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်ပြီးနောက်တွေ့ရစဉ်။