ဧရာဝတီတိုင်းမ်
မတ် ၁၁ရက်
စစ်ကော်မရှင်၏ လေကြောင်းရန်ကာကွယ်ရေးစခန်း နတ်ရေကန်ဗျူဟာကုန်းကို ကာကွယ်ရန် စစ်ကူ အင်အားအလုံးအရင်းနှင့် လက်နက်ခဲယမ်းများကို စစ်ကော်မရှင်က ထပ်မံပို့ဆောင်လိုက်ကြောင်း သိရသည်။
ပဒါန်းတပ်နယ်အတွင်းရှိ နတ်ရေကန်ဗျူဟာသို့ သွားသည့် လမ်းသစ်၊ လမ်းဟောင်းတို့မှ နေ၍ စစ်အင်အား ၅၀၀ ကျော်ကို စစ်ယာဉ်တန်းများဖြင့် ထပ်မံပို့ဆောင်လိုက်ကြောင်း သတင်းရင်းမြစ်များ ထံမှ သိရသည်။
“နတ်ရေကန်ဘက်ကို အင်အားဆက်တိုက်ပို့နေသလို အမြောက်တပ်ထဲ ခဲယမ်းဖြည့်တင်းတာလည်း ရှိတယ်။ တိုက်ပွဲကတော့ ဆက်ရှိနေတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကော်မရှင်သည် ပြီးခဲ့သည့်မတ် ၈ ရက်နေ့က အမှတ်(၉၀၁) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၅) အတွင်းကို စစ်ယာဉ်တန်း ၂၉ စီး ဝင်ရောက်ခဲ့သည်။ အဆိုပါ စစ်ယာဉ်တန်းများအနက် ၂၆ စီးမှာ စစ်ကူအင်အားပြည့် တင်ဆောင်လာပြီး ကျန်သုံးစီးမှာ ခဲယမ်းနှင့် ရိက္ခာများကို အလုံပိတ် တင်ဆောင် လာကြောင်း သိရသည်။
လူအင်အားနှင့် ခဲယမ်းနှင့် ရိက္ခာများတင်ဆောင်လာသည့် အဆိုပါ စစ်ယာဉ်တန်းများကို ပဇီနှင့် ဂုတ်ကြီး လမ်းပိုင်းများအတိုင်း နတ်ရေကန်ဘက်ကို စေလွှတ်ခဲ့ပြီး တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလျက် ရှိသည်။
စစ်ကော်မရှင်သည် မစခ- ၉၀၅ အတွင်းအပြင်ကို လုံခြုံရေးများ တိုးချထားပြီး တိုက်ပွဲဖြစ်ပွားရာ နေရာများကို လက်နက်ကြီးများဖြင့် ပစ်ကူပေးလျက်ရှိသည်။
စစ်ကော်မရှင်၏ မျှော်စင်ကြက်ခြံကုန်းစခန်းကို ပြီးခဲ့သည့် မတ် ၄ရက်နေ့တွင် အာရက္ခတပ်တော် (AA) ကသိမ်းယူခဲ့ပြီး လက်နက်၊ခဲယမ်းများကိုပါ သိမ်းဆည်းရရှိခဲ့သည်။ အဆိုပါစခန်းကုန်းတိုက်ခိုက်ခံရချိန် တွင်လည်း စစ်ကော်မရှင်က ဂျက်ဖိုက်တာ လေးစီး ၊ Y-12တို့ဖြင့် အပြင်းအထန်ခုခံခဲ့သည်။
စစ်ကော်မရှင်သည် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ကို ရခိုင်ပြည်နယ်တွင်သာမက ပြင်ပတွင်ပါ စစ်ကူအင်အား အလုံးအရင်းသုံး၍ အသည်းအသန်ကာကွယ်ခုခံနေရသည်။
ပုံစာ-စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ(ပုံဟောင်း)