နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၁၁ ရက်
အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်များကို အဓိကပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်နေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းတို့၏ အတုအယောင် ရွေးကောက်ပွဲတွင် လူငယ်မဲပေးမှု များပြားသည်ဟုဆိုကာ နိုင်ငံ့အရေးတွင် လူငယ်ပါဝင်မှု မြှင့်တင်ပေးရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
စစ်ခေါင်းဆောင်သည် မတ်လ ၁၀ ရက်နေ့က ၎င်းလက်အောက်ခံများနှင့် တွေ့ဆုံစဉ် လူငယ်ငြိမ်းချမ်း ရေးဖိုရမ်များကို လုပ်ဆောင်ပေးခဲ့ကြောင်းနှင့် လူငယ်များပါဝင်မှု မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံ့အနာဂတ် ကောင်းမွန်လာမည်ဟု ပြောကြားသည်။
ငြိမ်းချမ်းရေးနှင့် ပတ်သက်၍လည်း အားလုံးပါဝင်သည့် အခင်းအကျင်း ဖြစ်ပေါ်လာစေရေးအတွက် ငြိမ်းချမ်းရေးစကားဝိုင်း၊ ငြိမ်းချမ်းရေးဖိုရမ်တို့ကို ပြုလုပ်ခဲ့သလို ဆွေးနွေးချက်များသည် ငြိမ်းချမ်းရေးနှင့် အခြေခံဥပဒေ ပြင်ဆင်ရေးအား များစွာအထောက်အကူ ပြုစေမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ဆိုသည်။
ထို့အပြင် ၎င်းတို့ကျင်းပခဲ့သည့် အတုအယောင် ရွေးကောက်ပွဲတွင် မဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိပြီး လူငယ်များ မဲပေးမှု ၄၅ ရာခိုင်နှုန်းအထိ ပါဝင်ခဲ့သဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ခဲ့ကြောင်းလည်း ပြောဆိုသည်။
စစ်ခေါင်းဆောင်၏ ပြောဆိုချက်မှာ စစ်ကော်မရှင်သည် စစ်ရှုံးဒေသများအပါအဝင် တစ်နိုင်ငံလုံး၌ လေကြောင်းတိုက်ခိုက်မှုများ၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများဖြင့် အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။
စစ်ခေါင်းဆောင်က ထိုသို့ မရှက်တမ်းပြောဆိုနေသော်လည်း မြေပြင်အခြေအနေနှင့် လုံးဝ ဆန့်ကျင်လျက်ရှိပြီး စစ်ရှုံးဒေသများအပါအဝင် တစ်နိုင်ငံလုံးတွင် ပိတ်ပင်ထားသည့် စစ်လက်နက် ပစ္စည်းများနှင့် လေကြောင်းတိုက်ခိုက်မှုများ၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများဖြင့် အရပ်သား ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။
ထို့အပြင် စစ်ရှုံးဒေသများအပါအဝင် နိုင်ငံတဝန်းရှိ မြို့၊ ကျေးရွာများမှ အပြစ်မဲ့ ပြည်သူများ၊ ဘာသာရေး အဆောက်အအုံ၊ ဆေးရုံ/ဆေးခန်းနှင့် စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်နေပြီး တစ်ဖက်၌လည်း စစ်မှုထမ်း ဥပဒေတို့ဖြင့် လူငယ်များအား ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း သိရသည်။
အထူးသဖြင့် လူငယ်အမျိုးသားများကို စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်းများကြောင့် လူငယ်များမှာ အသက်မသေချင်၍ နယ်စပ်နှင့် လွတ်မြောက်ရာဒေသများသို့ စွန့်ခွာတိမ်းရှောင်နေကြရသည်။
“လူငယ်ဖိုရမ်” ဟုခေါ်သည့် အစီအစဉ်များမှာလည်း လူငယ်အမျိုးသားများနည်းပါးလာ၍ စစ်ကော်မရှင်နှင့် ပတ်သက်သူများသာ တက်ရောက်နေခြင်းဖြစ်သည်။
စစ်ခေါင်းဆောင်သည် နိုင်ငံတကာ စစ်ရာဇဝတ်မှုများကို ပြောင်ကျကျ ကျူးလွန်နေသော်လည်း ဝန်ခံခြင်းမရှိဘဲ တော်လှန်ရေးအင်အားစုများအပေါ် အပြစ်လွှဲချကာ ဟန်ပြ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုများကို လုပ်ဆောင်လေ့ရှိသည်။
ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းသည် စစ်အုပ်စုက ဖန်တီးထားသည့် ရွေးကောက်ပွဲ၊ ငြိမ်းချမ်းရေးဖိုရမ်နှင့် လူငယ်ရေးရာ လှုပ်ရှားမှုများကို လက်ခံခြင်းမရှိသလို စစ်ရာဇဝတ်မှုများနှင့် အကြမ်းဖက်မှုများအတွက် အရေးယူဒဏ်ခတ် ပိတ်ဆို့မှုများ ဆက်လက်ပြုလုပ်ထားသည်။
ဓာတ်ပုံ-MOI