နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၁၁ ရက်

 

အာဏာသိမ်း စစ်ကော်မရှင်က ပြန်လည်ပြုလုပ်သည့် ၂၀၂၅ ခုနှစ် တစ်ဖက်သတ်ရွေးကောက်ပွဲတွင် အငြင်းပွားဖွယ်ရာ ကြိုတင်မဲများဖြင့် အစိုးရဖွဲ့နိုင်လောက်သည့်အထိ အနိုင်ရထားသော ကြံ့ခိုင်ရေး ပါတီသည် ၎င်းတို့ ကပ်သီးကပ်သတ် ရှုံးနိမ့်ခဲ့သည့် မဲဆန္ဒနယ် နှစ် နေရာအတွက် ကျေနပ်မှုမရှိဘဲ ကန့်ကွက်လွှာ တင်သွင်းထားကြောင်း သိရသည်။

 

ပြည်သူလူထုနှင့် နိုင်ငံတကာက လက်မခံဆန့်ကျင်နေသော်လည်း စစ်ကော်မရှင်က အတင်းအကျပ် ပြုလုပ်ခဲ့သည့် အဆိုပါ ရွေးကောက်ပွဲတွင် စစ်တပ်လက်ဝေခံ ကြံ့ခိုင်ရေးပါတီက နိုင်ငံတစ်ဝန်းတွင် မဲအများဆုံး အနိုင်ရရှိထားခြင်း ဖြစ်သည်။

 

ထိုသို့ ဖိအားပေး ခြိမ်းခြောက်မှုများအပါအဝင် ကြိုတင်မဲများ သာလွန်မှုကြောင့်သာ အနိုင်ရရှိထားသည့် ကြံ့ခိုင်ရေးပါတီသည် ၎င်းတို့ ရှုံးနိမ့်သည့် ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်းရှိ နေရာများကို လက်ခံ နိုင်ခြင်းမရှိဘဲ ကန့်ကွက်လာခြင်း ဖြစ်သည်။

ထိုကန့်ကွက်လွှာကို ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် မဲအများဆုံးရသူ အနိုင်ယူစနစ်ဖြင့် ပြည်နယ်လွှတ်တော်နေရာ ဝင်ပြိုင်သော ကြံ့ခိုင်ရေးပါတီမှ ဒေါက်တာကောင်းထက်ခိုင်က အနိုင်ရသူ၏ မဲရလဒ်များအပေါ် မကျေနပ်၍ တင်သွင်းခြင်းဖြစ်သည်။ တီးတိန်တွင် ကြံ့ခိုင်ရေးပါတီက ကြိုတင်မဲများ သာလွန်ခဲ့သော်လည်း စုစုပေါင်းမဲရလဒ်တွင် ဇိုမီးအမျိုးသားပါတီမှ ဦးပေါင်ဇလန်းအား ၃၂ မဲ ကွာဟမှုဖြင့် ရှုံးနိမ့်သွားခဲ့သည်။

 

ယင်းအပြင် တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် မဲအနိုင်ရသော အမှတ် (၁) တိုင်းလွှတ်တော်နေရာ၌ ဝင်ပြိုင်သူ ပြည်သူ့ပါတီမှ ဦးခိုင်ဦးအား ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်အစား ထိုပါတီမှ ဦးဝင်းကြူက ကန့်ကွက်လွှာ တင်သွင်းထားကြောင်း စစ်ကော်မရှင်က ဆိုသည်။

 

ကန့်ကွက်လွှာ တင်သွင်းသူ နှစ် ဦးသည် လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၇၊ ၆၈ နှင့် နည်းဥပဒေ ၁၁၂ တို့အရ ရက်ပေါင်း ၄၅ ရက်အတွင်း လျှောက်ထားလာခြင်း ဖြစ်သည်။ လက်ရှိတွင် စစ်ကော်မရှင်က ၎င်းတို့လက်အောက်ခံ ကော်မရှင်အဖွဲ့ဝင်များဖြင့် ခုံအဖွဲ့ (၁) နှင့် (၂) ကို ဖွဲ့စည်းကာ မတ်လ ၉ ရက်နေ့မှစ၍ အဆိုပါ အမှု ၂ ခုကို ကြားနာစစ်ဆေးနေပြီ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

စစ်ကော်မရှင်၏ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများအရ ပုဒ်မ ၆၇ တွင် အနိုင်ရသူကို ကန့်ကွက် လိုပါက သတ်မှတ်ထားသော အခကြေးငွေ ပေးသွင်း၍ ဤအခန်းရှိ ပြဋ္ဌာန်းချက်နှင့်အညီ တင်သွင်းသည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာဖြင့် ကန့်ကွက်ရမည်ဟု ဖော်ပြထားသည်။

ယင်းအတူ ပုဒ်မ ၆၈ တွင်လည်း (က)(ခ) နှင့် ပုဒ်မငယ် (၁)(၂) ဟူ၍ ပါရှိပြီး အနိုင်ရသူကို ယှဉ်ပြိုင် အရွေးခံသော ကိုယ်စားလှယ် သို့မဟုတ် မဲပေးသူ မဲဆန္ဒရှင်တို့က ကော်မရှင်ဆုံးဖြတ်ပြီးသည့် ကိစ္စရပ်မှ အပ ကန့်ကွက်တင်သွင်းနိုင်ကြောင်း ဖော်ပြဆိုထားသည်။

ဓာတ်ပုံ- ကြံ့ခိုင်ရေး