ဧရာဝတီတိုင်းမ်
မတ် ၁၁ ရက်
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်တွင် ရန်ဖြစ်နေသည့် လူတစ်စုကို ဝင်ရောက်ဖြန်ဖြေသည့် ရဲများကို စသုံးလုံး(အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန) ဒုစုံစမ်းရေးမှူး မိသားစုက ကားဖြင့်တိုက်ကာ သံတုတ်ဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် နှစ် ဦး သေဆုံးသွားကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ ည ၁၀ နာရီခွဲခန့်တွင် ရွှေပေါက်ကံ (၁၂) ရပ်ကွက်၊ ပုဂံလမ်းရှိ ၁၂ ဈေးအနီးတွင် လူ ၁၀ ဦးခန့် ရန်ဖြစ်နေသဖြင့် လှည့်ကင်းပတ်နေသည့် စစ်ကော်မရှင်လက်အောက်ခံ ရဲ လေး ဦးက ဝင်ရောက်တားဆီး ဖြန်ဖြေခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“၁၂ ရပ်ကွက်နေသူတွေနဲ့ စသုံးလုံးအဖွဲ့က ဒုစုံစမ်းရေးမှူး မိသားစုတို့ ရန်ဖြစ်ကြတာ။ ရပ်ကွက်က အကြောင်း ကြားလို့ လာဖြေရှင်းပေးတဲ့ ရဲ လေး ယောက်ကို စသုံးလုံးမိသားစုက ကားနဲ့တိုက်ပြီး သံတုတ်နဲ့ ရိုက်နှက်ခဲ့တာပါ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖြစ်စဉ်မှာ ရဲများက ရန်ပွဲကို ဖြန်ဖြေနေစဉ် စသုံးလုံး ဒုစုံစမ်းရေးမှူးအေးမင်း၏ အစ်ကိုဖြစ်သူမြတ်ကိုကို က Toyota Ace ကားဖြင့် ရဲများကို တမင်ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဒုစုံစမ်းရေးမှူး အေးမင်းနှင့် ၎င်း၏ဖခင်ဖြစ်သူ ဦးကြင်ခရမ်းတို့က သံတုတ်များဖြင့် ထပ်မံရိုက်နှက်ခဲ့ရာ ရဲ လေး ဦးစလုံး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ၎င်းတို့အနက် ရဲ နှစ် ဦးမှာ သေဆုံးသွားခဲ့ကြောင်း ရဲသတင်းရင်းမြစ်ထံမှ သိရသည်။
“ကားကို ကန့်လန့်ဖြတ်ရပ်ပြီး မူးနေတဲ့ စသုံးလုံးမှူးရဲ့ အစ်ကိုက ရဲတွေကို ‘ခင်ဗျားတို့ ရှင်းပေး’ လို့ ပြောပြီး ကားကို ပြန်ကွေ့လာကာ ဝင်တိုက်ပစ်တာ။ စသုံးလုံးကောင်နဲ့ သူ့အဖေကလည်း သံတုတ်တွေနဲ့ ဝင်ရိုက်တာ” ဟု ရဲသတင်းရင်းမြစ်က ဆိုသည်။
“ကားကိုကန့်လန့်ဖြတ်ရပ်ပြီး မူးနေတဲ့ စသုံးလုံးမှူးရဲ့အစ်ကိုက ရဲတွေကို ခင်ဗျားတို့ရှင်းပေးပြောပြီး ကားကိုပြန်ကွေ့လာပြီး ဝင်တိုက်ပစ်တာ။ စသုံးလုံးကောင်နဲ့ သူ့အဖေက ကားနဲ့ရောက်လာပြီး သံတုတ်တွေနဲ့ ဝင်ရိုက်တာ”ဟု ရဲသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် လူသတ်မှုကျူးလွန်သူများဖြစ်သည့် ယာဉ်မောင်း မြတ်ကိုကို၊ ၎င်း၏ဖခင် ဦးကြင်ခရမ်းနှင့် စသုံးလုံး ဒုတိယစုံစမ်းရေးမှူး အေးမင်းတို့ကို လူသတ်မှုဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။