ဧရာဝတီတိုင်းမ်
မတ် ၁၁ ရက်

ယူကရိန်းစစ်တပ်က ရုရှားနိုင်ငံအနောက်ပိုင်း Bryansk မြို့ရှိ အရေးပါတဲ့ လက်နက်စက်ရုံတစ်ခု ကို ဒုံးကျည်နဲ့တိုက်ခိုက်ခဲ့ရာ လူခြောက်ဉီး သေဆုံးခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါ တယ်။

ရုရှားနိုင်ငံဟာ ၂၀၂၂ ခုနှစ် ကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ယူကရိန်းကို နေ့စဉ်နီးပါး ဒရုန်း၊ ဒုံး ကျည်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေရာ ယူကရိန်းက စွမ်းအင်အဆောက်အအုံတွေ အပါအဝင် ရုရှားရဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ပါတယ်။

“ယူကရိန်းစစ်သားတွေက Bryansk မြို့မှာရှိတဲ့ အရေးပါတဲ့ ရုရှား စစ်လက်နက်စက်ရုံတစ်ခုကို တိုက်ခိုက်ခဲ့ပါတယ်။ ဒီစက်ရုံဟာ ရုရှားဒုံးကျည်တွေအတွက် အီလက်ထရောနစ်နဲ့ အပိုပစ္စည်းတွေ ထုတ် လုပ်ခဲ့ပါတယ်” လို့ ဇီလန်စကီးက မိန့်ခွန်းတစ်ခုမှာ ထည့်ပြောပါတယ်။

ယူကရိန်းရဲ့ တိုက်ခိုက်မှုဟာ ကျူးကျော်သူတွေကို လက်တုံ့ပြန်တာလို့ သူက ဆက်ပြောပါတယ်။ ယူကရိန်းက Bryansk မြို့မှာ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့ရာ အရပ်သား ၆ ဉီး သေဆုံးပြီး ၃၇ ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ ရုရှားက အစောပိုင်းမှာ ပြောပါတယ်။

လူ ၄၀၀၀၀၀ ဝန်းကျင်နေထိုင်ရာ Bryansk မြို့ဟာ ယူကရိန်းနယ်စပ်မှ ကီလိုမီတာ ၁၀၀ ခန့်အ ကွာမှာ တည်ရှိပါတယ်။ ယူကရိန်းက တိုက်ခိုက်မှုမှာ ဗြိတိန်ထုတ် Storm Shadow ခရုဇ်ဒုံးကျည်တွေကို အသုံးပြုခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။

ရုရှားစစ်တပ်သို့ အဓိက ထောက်ပံ့နေတဲ့ ရော့စတော့ဗ်ဒေသရှိ ရေနံချက်စက်ရုံတစ်ခုကို တိုက် ခိုက်ရာမှာ Storm Shadow ဒုံးကျည်တွေ အသုံးပြုခဲ့တယ်လို့ ယူကရိန်းက ဒီဇင်ဘာလအတွင်း ပြောကြား ခဲ့ပါတယ်။

ကိုးကား – AFP
Ref; Ukraine says hit ‘key’ Russian military factory in missile strike