ဧရာဝတီတိုင်းမ်
မတ် ၁၀ ရက်

 

တော်လှန်ရေးအင်အားစုများ စိုးမိုးထားသည့် နယ်မြေအတွင်း သွားရောက်ဖျော်ဖြေခဲ့သည့် ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော် လမင်းကဗျာ (ခ) DJ Moon ကို စစ်ကော်မရှင်က ရန်ကုန်မြို့ရှိ ၎င်း၏နေအိမ်တွင် လာရောက်ဖမ်းဆီးကာ စစ်ကြောရေးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

 

စစ်ကော်မရှင်၏ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) သည် ယမန်နေ့ မတ်လ ၉ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ (၁၆) ရပ်ကွက်၊ ဦးဖိုးမှန်လမ်းရှိ နေအိမ်တွင် အဆိုတော် လမင်းကဗျာ (ခ) မလှလှဝင်းကိုလာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။

“လောလောဆယ် စစ်ကြောရေးမှာ စစ်ဆေးနေတုန်းပါ။ ရဲစခန်းဘက်ကို မလွှဲပြောင်းသေးဘူး။ တိုင်ကြားချက်တွေရှိလို့ ဖမ်းဆီးစစ်ဆေးတာ ဖြစ်ပါတယ်” ဟု ရဲသတင်းရင်းမြစ်တစ်ခုက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုတော် လမင်းကဗျာသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်နေ့က မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝယ်တောင်ကျေးရွာရှိ အလှူပွဲတစ်ခုသို သွားရောက်၍ သီချင်းဆို ဖျော်ဖြေမှုများ ပြုလုပ်ခဲ့သည်။

 

အဆိုပါ ဖျော်ဖြေပွဲတွင် PDF တပ်ဖွဲ့ဝင်များက လမင်းကဗျာကို လုံခြုံရေးယူပေးနေသည့် ရုပ်သံဖိုင်များ လူမှုကွန်ရက်တွင် ပျံ့နှံ့လာပြီးနောက် စစ်ကော်မရှင် ထောက်ခံသူများက အရေးယူရန် လှုံ့ဆော်မှုများ ပြုလုပ်ခဲ့၍ ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်သည်။

 

လမင်းကဗျာကို ဖမ်းဆီးရာတွင် လှိုင်မြို့နယ်ရဲတပ်ဖွဲ့၊ နယ်မြေခံတပ်နယ်မှ စစ်အရာရှိများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အလားတူ အဆိုပါပွဲတွင် ပါဝင်တီးခတ်ခဲ့သည့် ယောမင်းသားလေး ကျော်ဆန်းဝင်း(ရွှေမြန်မာဆိုင်း) အဖွဲ့ကိုလည်း အရေးယူရန် ညွှန်ကြားချက်ကြောင့် အမှုဖွင့်ထားပြီးဖြစ်ကြောင်း သိရသည်။

ပုံစာ-လမင်းကဗျာ