ဧရာဝတီတိုင်းမ်
မတ် ၁၀ ရက်
ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေနံတင်ပို့မှုတွေကို အနှောင့်အယှက်ပေးဖို့ ကြိုးပမ်းမှုမှန်သမျှ ဟာ ယခင်အမေရိကန် တိုက်ခိုက်မှုတွေထက် အဆပေါင်း ၂၀ မက ပြင်းထန်သော တုံ့ပြန်မှုတွေကို ရင်ဆိုင် ရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ အီရန်နိုင်ငံကို သတိပေးလိုက်ပါတယ်။
အကယ်၍ အီရန်အနေနဲ့ ဟော်မုဇ်ရေလက်ကြားမှာ ရေနံစီးဆင်းမှုကို ရပ်တန့်စေမယ့် လုပ်ရပ်မျိုး လုပ်ဆောင်ခဲ့ပါက ယခင်ထက် အဆပေါင်း ၂၀ မက ပြင်းထန်သော အမေရိကန်ရဲ့တိုက်ခိုက်မှုကို ခံရမယ် လို့ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်စာမျက်နှာTruth Social မှာ ရေးသားခဲ့ပါတယ်။
အမေရိကန်အနေနဲ့ အီရန်နိုင်ငံတွင်းရှိ အလွယ်တကူ ဖျက်ဆီးနိုင်တဲ့နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်သွားမှာဖြစ်ပြီး ယင်းလုပ်ရပ်ဟာ အီရန်နိုင်ငံအား ပြန်လည် ထူထောင်နိုင်ခြင်း မရှိတော့တဲ့ အ ခြေအနေသို့ ရောက်ရှိသွားစေနိုင်တယ်လို့ သူက ဆိုပါတယ်။
“သူတို့အပေါ်မှာ သေကြေပျက်စီးမှုတွေ၊ မီးဟုန်းဟုန်းတောက်လောင်မှုတွေနဲ့ ပြင်းထန်တဲ့ အ မျက်ဒေါသတွေ လွှမ်းမိုးသွားပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုမျိုးတွေ မဖြစ်လာပါစေနဲ့လို့ ကျွန်တော် မျှော်လင့်သ လို ဆုလည်းတောင်းပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။
ဒေါ်နယ်ထရမ့်က ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးအတွက် အကာအကွယ်ပေးတဲ့ လုပ်ရပ်တစ်ခုအ ဖြစ် ဖော်ပြခဲ့ပြီး အထူးသဖြင့် ဟော်မုဇ် ရေလက်ကြားမှတစ်ဆင့် ရေနံတင်ပို့မှုအပေါ် များစွာမှီခိုနေရတဲ့ တရုတ်နိုင်ငံနဲ့ အခြားနိုင်ငံတွေအတွက် အကျိုးရှိစေမည်လို့ ဆိုပါတယ်။
“ဒါဟာ အမေရိကန်နိုင်ငံက တရုတ်နိုင်ငံနဲ့ ဟော်မုဇ်ရေလက်ကြားကို အမြဲတမ်း အသုံးပြုနေရတဲ့ နိုင်ငံအားလုံးအတွက် ပေးတဲ့ လက်ဆောင်တစ်ခုပါ။ ဒီလုပ်ရပ်အတွက် သူတို့က များစွာ ကျေးဇူးတင်ကြ လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” လို့ ၎င်းက ပြောပါတယ်။
ကိုးကား – Anadolu
Ref; Trump warns Iran of response ’20 times harder’ if Strait of Hormuz blocked