ဧရာဝတီတိုင်းမ်
မတ် ၉ ရက်
ရခိုင်ဒေသအပါအဝင် စစ်ရှုံးနိမ့်နေသည့် နယ်မြေများကို ရေကြောင်းမှတစ်ဆင့် ခုခံကာကွယ် နိုင်ရန်ဟုဆိုကာ စစ်ကော်မရှင်ရေတပ်၏ အကြီးဆုံး ဖရီဂိတ်စစ်ရေယာဉ်ဖြစ်သည့် “သာလွန်” ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်တော်ဝင်၍ ထုတ်ကြွားခဲ့ကြောင်း သိရသည်။
သာလွန်မင်းတရားကြီးကို ဂုဏ်ပြု၍ ၂၀၁၇ ခုနှစ်၊ မတ်လကတည်းက တည်ဆောက်ခဲ့သည့် “သာလွန်” စစ်ရေယာဉ်ကို ရန်ကုန်မြို့တွင် မတ်လ ၈ ရက်နေ့က တပ်တော်ဝင်ခဲ့ခြင်းဖြစ်သည်။
“ရေတပ်ရဲ့ ရေယာဉ်တည်ဆောက်မှုသမိုင်းမှာ အရွယ်အစားအားဖြင့် အကြီးမားဆုံး ကိုယ်တိုင် တည်ဆောက် တပ်တော်ဝင်နိုင်တဲ့ စစ်ရေယာဉ်ဖြစ်သလို အချိန်ကာလ တစ်လကျော် စမ်းသပ်မောင်းနှင် ခဲ့တယ်” ဟု စစ်ခေါင်းဆောင်က ဆိုထားသည်။
ထို့ပြင် စုစုပေါင်း ခုတ်မောင်းချိန် ၂၇၀ နာရီကျော်နှင့် ခရီးအကွာအဝေး ရေမိုင် ၃,၅၀၀ ခန့် စမ်းသပ်မောင်းနှင်ခဲ့ကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် စစ်ကော်မရှင်သည် ရခိုင်၊ ကချင်နှင့် မြစ်ကြောင်းတစ်လျှောက် စစ်ဆင်ရေးများ၌ အထိနာ နေပြီး စစ်ရေယာဉ်များ ဆုံးရှုံးမှုနှင့် ပျက်စီးမှုများ ဆက်တိုက်ကြုံတွေ့နေရပြီး အလျား ၁၃၅ မီတာရှိသည့် အဆိုပါစစ်ရေယာဉ်သစ်ကို တပ်တော်ဝင်၍ ၎င်းတို့ကို ခုခံတော်လှန်နေသည့် တော်လှန်ရေးအင်အားစု များကို တန်ပြန်ကာကွယ်ရန် ရည်ရွယ်ကြောင်း ဖော်ပြထားသည်။
စစ်ကော်မရှင်သည် ရေကြောင်းတိုက်ခိုက်မှု စွမ်းရည်မြင့်မားလာစေရန်အတွက် ရုရှားနိုင်ငံနှင့် ပူးပေါင်း၍ ရေပြင်စစ်ဆင်ရေး လေ့ကျင့်မှုများပြုလုပ်ခြင်းနှင့် စစ်လက်နက်ပစ္စည်းများ ဝယ်ယူခြင်းများကိုလည်း အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။
တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်ကြောင့် ကုန်းကြောင်းသာမက ရေကြောင်းတွင်ပါ အထိနာ နေရချိန်တွင် ယခုကဲ့သို့ စစ်ရေယာဉ်ကြီး ထုတ်ကြွားခြင်းသည် စစ်ရေးအကျပ်အတည်းကို ဖုံးကွယ်ရန် ကြိုးပမ်းခြင်းတစ်ခုသာဖြစ်သည်ဟု CDM အရာရှိများက ဆိုသည်။
ဓာတ်ပုံ- MOI