ဧရာဝတီတိုင်းမ်
မတ် ၉ ရက်
စစ်ကော်မရှင်က စက်သုံးဆီချွေတာရေးမူဝါဒအဖြစ် သတ်မှတ်လိုက်သည့် ယာဉ်မောင်းနှင်ခွင့် (စုံ/မ) စနစ်နှင့် လိုင်စင်မဲ့ဆိုင်ကယ်များ ဆီဖြည့်ခွင့်ပိတ်ပင်ထားမှုကြောင့် ရန်ကုန်မြို့အပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သွားလာရေးတွင် အကျပ်အတည်း အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။
စစ်ကော်မရှင်၏ ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့က စတင်သတ်မှတ်လိုက်သော အဆိုပါမူဝါဒကြောင့် ပုဂ္ဂလိက ယာဉ်များ၊ ကျောင်းကြို/ပို့ယာဉ်များမှာ နေ့စဉ်သွားလာရေးတွင် ကြီးမားသော အခက်အခဲနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။

စီးပွားရေးမြို့တော်ရန်ကုန်မြို့တွင် စုံ/ မ ကန့်သတ်ချက်ကြောင့် ရုံးသမားများ၊ ကျောင်းကြို/ ပို့ယာဉ်များ ခက်ခဲမှုများဖြစ်ပေါ်နေပြီး ပုဂ္ဂလိကကျောင်းထောက်ခံစာဖြင့်လည်း ကျောင်းကားမောင်းခွင့်မရကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။
“ဘယ်ကျောင်းတက်နေပါတယ်ဆိုပြီး ကျောင်းထောက်ခံစာပေးထားတယ်။ ထုတ်ပြန်ချက်မှာ ကျောင်းကားတွေမပါဘူးလို့ဆိုတယ်။ အဲဒီကျောင်းက စစ်ကောင်စီ ကျောင်းကားဖြစ်တဲ့ အဝါကားတွေပဲကင်းခွင့်ရတယ်။ ပုဂ္ဂလိက ကျောင်းကား တွေမရလို့ တစ်ရက်ခြားစီထွက်နေရတယ်” ဟု ရန်ကုန်မြို့တွင် နေထိုင်သူ ကျောင်းသားမိခင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မြို့ကြီးများသာမက အများပြည်သူ ပို့ဆောင်ရေးစနစ် အားနည်းသော နယ်မြို့များတွင်လည်း ဆိုင်ကယ် များကိုသာ အဓိကအားထားနေရသဖြင့် အခြေအနေမှာ ပိုမိုဆိုးရွားနေသည်။ ဆိုင်ကယ်လိုင်စင် မပါရှိပါက စက်သုံးဆီဖြည့်ခွင့်မပြုခြင်းနှင့် ဆီတစ်လီတာလျှင် ကျပ် ၅,၅၀၀ ကျော်အထိ ဈေးတင် ရောင်းချနေရသည့် မှောင်ခို ဈေးကွက်ကြောင့် အလုပ်သမားများမှာ ဝင်ငွေထက် ကုန်ကျစရိတ် ပိုများနေကြောင်း ပြင်ဦးလွင်မြို့ရှိ ဆောက်လုပ်ရေးဝန်ထမ်းများထံမှ သိရသည်။

“ဆီတန်းစီရတာက တစ်မျိုး၊ ကိုယ့်အလှည့်ရောက်မှ လိုင်စင်ပြခိုင်းပြီး ဆီမရတာက တစ်မျိုး။ အလုပ်လည်းပျက်၊ ငွေလည်းပိုကုန်နဲ့ အတော်ဒုက္ခရောက်နေရတယ်။ အပြင်မှာ ဆီတစ်လီတာကို ၅,၅၀၀ နဲ့ ပြန်ဝယ်သုံးနေရတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင်အများပြည်သူပို့ဆောင်ရေးလုပ်ငန်းမရှိသော နယ်မြို့များတွင် ဆိုင်ကယ်ကိုအားထားစီးရသဖြင့် အသွားအလာခက်ခဲရသည့်အပြင် လိုင်စင်မဲ့ဆိုင်ကယ်များကိုဆီမဖြည့်ပေးသဖြင့် ပြင်ပမှာဈေးကြီး ပေးဝယ် ရကြောင်း ပြင်ဦးလွင်မြို့ဒေသခံတစ်ဦးက ပြောကြားသည်။
“ စက်သုံးဆီအကြာကြီးတန်းစီပြီးမှ ကိုယ့်အလှည့်ရောက်မှ ဆိုင်ကယ်လိုင်စင် ပြခိုင်းတယ်။ လိုင်စင် မပါရင်ဆီမထည့်ပေးဘူးတဲ့။ အများဆုံးလည်း ငါးထောင်ဖိုးပဲထည့်ပေးတယ်။ ဆိုင်မှာ။ အဲဒါနဲ့ အပြင်မှာဆီတစ်ဗူး တစ်လီတာ ၅၅၀၀ ကျပ်ပေးဝယ်ရတယ်။ အလုပ်လည်းပျက်ပိုက်ဆံ ” ပြင်ဦးလွင်မြို့နေထိုင်သူ ဆောက်လုပ်ရေးဝန်ထမ်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်သတ်မှတ်ထားသော စုံ/မ ခွဲခြားယာဉ်မောင်းရသည့် ကန့်သတ်ချက်လိုက် နာရေးအတွက် ပညာပေးကာလကို မတ် ၇ ရက်မှ ၁၄ ရက်နေ့အထိပညာပေးကာလသတ်မှတ်ထားရာ ၁၄ ရက်နေ့မှ စတင်ကာ ပြစ်ဒဏ် အဖြစ် ငွေကျပ် နှစ်သောင်း၊ ထောင်ဒဏ် တစ်လ နှင့် ဒဏ်နှစ်ရက်လုံးကျခံရမည်ဟု ပြဌာန်းထားကြောင်း တရားဝင်ထုတ်ပြန်ထားခြင်းမရှိသည့် လျှို့ဝှက်စာ အရသိရသည်။
ထို့အပြင် ပညာပေးကာလဟု ဆိုသော်လည်း လမ်းပိုင်းများတွင် ယာဉ်ထိန်းရဲများက ငွေကြေး တောင်းခံမှုများ ရှိနေကြောင်း ဒေသခံများက ဆိုသည်။
စစ်ကော်မရှင်ဘက်ကမူ ပြည်တွင်းစက်သုံးဆီ ဖူလုံရေးအတွက်ဟု အကြောင်းပြကာ အဆိုပါ စုံ/မ မူဝါဒကို နောက်ထပ် အမိန့်မထုတ်ပြန်ခင်အထိ ဆက်လက်ကျင့်သုံးသွားမည်ဟု ကြေညာထားသည်။
#စစ်ကော်မရှင်