‎ဧရာဝတီတိုင်းမ်
‎မတ် ၉ရက်

ရခိုင်ပြည်နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းတစ်ဝိုက်တွင် တိုက်ပွဲများ ပြင်းထန်လျက် ရှိပြီး စစ်ကော်မရှင်တပ်ကအမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မစခ-၉၀၅ မှတစ်ဆင့် အတွဲလိုက် ဒုံးများဖြင့် အဆက်မပြတ် ပစ်ကူပေးနေကြောင်း သိရသည်။

‎နတ်ရေကန်ဗျူဟာတဝိုက်ရှိ လမ်းသစ်၊ လမ်းဟောင်းနှင့် ပဇီ၊ ဂုတ်ကြီးကျေးရွာအနီးတစ်ဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကော်မရှင်တပ်က ညောင်ပင်ကုန်းစခန်းကို ဒရုန်းများဖြင့် တိုက်ခိုက်လျက်ရှိသည်။

“မစခ (၉၀၅) ထဲကနေ နတ်ရေကန်ဘက်ကို အင်အားဆက်တိုက် ပို့လွှတ်နေတယ်။ လမ်းပိုင်းမှာ တိုက်ပွဲတွေ ရှိနေသလို ကျောက်ဆုံဘက်မှာလည်း မနေ့ကတည်းက တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

AA ဘက်ကလည်း မစခ-၉၀၅ ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ယင်းဌာန ချုပ်အတွင်း လုံခြုံရေးများကို နှစ်ဆတိုးမြှင့် ချထားကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် ယမန်နေ့ မတ်လ ၈ ရက်နေ့ကလည်း ရိက္ခာတင်ကားများဖြင့် အင်အား အပြည့်တင်ဆောင်ကာ ဇင်ပြွန်းကျေးရွာဘက်သို့ စေလွှတ်ခဲ့သလို ဆူးပဒေါင်းကျေးရွာ တစ်ဝိုက် တွင်လည်း စစ်ကြောင်းများ ဖြန့်ကျက်နေရာယူထားကြောင်း CDM ဗိုလ်ကြီးဇင်ယော်၏ ပြောကြား ချက်အရ သိရသည်။

စစ်ကော်မရှင်သည် တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဆုံကျေးရွာကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်နေ့က တည်းက ဆက်လက်တိုက်စစ်ဆင်လျက်ရှိပြီး၊ ယင်းဒေသရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ စခန်းငယ်တစ်ခုကိုလည်း စစ်ကော်မရှင်တပ်က စီးနင်းခဲ့ကြောင်း သိရသည်။

လက်ရှိတွင် နတ်ရေကန်ဗျူဟာကုန်းသည် စစ်ကော်မရှင်အတွက် အရေးပါသည့် ဗျူဟာမြောက် နေရာဖြစ်နေပြီး၊ AA ဘက်မှလည်း အဆိုပါနေရာကို သိမ်းပိုက်နိုင်ရေးနှင့် မစခ-၉၀၅ ကို ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် အဆက်မပြတ် ဖိအားပေး တိုက်ခိုက်လျက်ရှိသည်။

ပုံစာ-စစ်ကော်မရှင်အမြောက်တပ်(ပုံဟောင်း)