ဧရာဝတီတိုင်းမ်
(ညောင်လေးပင်)၊ မတ် ၉ ရက်
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ဝက်ချဲကျေးရွာကို စစ်ကြောင်းထိုးလာသည့်စစ်ကော်မရှင်တပ်က ပြီးခဲ့သည့် မတ် ၅ ရက်နေ့တွင် ကိုယ်ဝန်ဆောင်နှင့်ကလေးငယ်များအပါအဝင် အရပ်သား ၃၀ ကျော်ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်က စစ်ကြောင်းထိုးဝင်ရောက်မှုနှင့်အတူ လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် သာသနာတော်ဘုန်းကြီးကျောင်းအတွင်း စစ်ဘေးရှောင်တေကြသည့် ဒေသခံ ၂၆ ဦးသေဆုံးခဲ့ပြီး စစ်တပ်တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ၅ ဦးနှင့်အထက် သေဆုံးခဲ့ကြောင်း သိရသည်။

“စစ်ကြောင်းကရှိနေတုန်းပဲ ရွာသားတွေကတော့ထွက်ပြေးနေတယ်။ သတ်ခံရတာကတော့သူတို့ဝင်တဲ့တကြိမ်မှာတွေ့တာအကုန်လိုက်ပစ်သွားတဲ့သဘောမှာ ထိခိုက်သေဆုံးကြတယ်။ လေယာဉ်ပစ်တာနဲ့ဘာနဲ့ဆို အားလုံး ၃၀ ကျော်တယ်။ လက်ရှိတော့ အင်အားဖြည့်ပြီးတော့ရွာတွေမှာဆက်ထိုင်တယ်” ဟု ပဲခူးတိုင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် (၈) နှစ်မှ (၆၀) နှစ်အတွင်း အမျိုးသမီး ၁၇ ဦး၊ အသက် (၇) နှစ်မှ (၅၅) နှစ်အတွင်းရှိ အမျိုးသား ၈ ဦးသေဆုံးခဲ့ကြောင်း Karen Peace Support Netwok ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များမှာ ဒေသခံများ၏ နေအိမ်များမှပစ္စည်းများကို ဖျက်ဆီးခြင်း၊ တန်ဖိုးကြီးပစ္စည်းများယူဆောင်ခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကြိုးတုပ်ထားတာ လေးယောက်ကို။ ကျွန်တော်တို့လေးယောက်ကို ကြိုးတုပ်ထားတာ။ အပေါ့သွားလို့လည်းမရဘူး ပုဆိုးထဲပဲသွားတဲ့။ ခေါင်းထောင်လို့လဲမရဘူး။ ရေတိုက်တာတောင် သူများလာတိုက်မှ မိန်းကလေးတွေ လာတိုက်တာတောင်အတိုက်မခံဘူး။ ထမင်းအငတ်ထားတာ။ အကန်ခံရတယ်” ဟု ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
အဆိုပါစစ်ကော်မရှင်စစ်ကြောင်းမှာ ခမရ-၂၆၄ တပ်ရင်းမှ ပူးပေါင်းစစ်ကြောင်းများဖြစ်ပြီး လက်ရှိတွင်ကျေးရွာအတွင်း ဆက်လက်စခန်းချနေပြီး လူသားဒိုင်းအနေဖြင့် ဖမ်းဆီးထားသည့် ဒေသခံများရှိနေသေးကြောင်း သိရသည်။
ဓာတ်ပုံ – KPSN