နိုရာ/မြရာ၊ ဧရာ၀တီတိုင်းမ်
မတ် ၈ ရက်

အာဏာသိမ်းပြီးစကာလ၊ ဆန္ဒပြပြည်သူတွေကို အမောပြေဖို့ ရေသန့်ဘူးလေးတွေ လိုက်ဝေရာကနေ မခေါင်ရဲ့ တော်လှန်ရေးခရီးစဉ် စတင်ခဲ့ပါတယ်။ အခုတော့ အဲဒီခရီးဟာ တကွဲတပြား လွင့်စင်နေကြတဲ့ ပြည်သူတွေ၊ အကျဉ်းကျနေသူတွေအားလုံး “အိမ်ပြန်နိုင်စေဖို့” ဆိုတဲ့ ယုံကြည်ချက်အထိ မြင့်မား ပြင်းထန်လာခဲ့ပါပြီ။

တော်လှန်ရေး ၅ နှစ်ခရီးဟာ တော်လှန်ရေးအပေါ်ထားတဲ့ စိတ်ဓာတ်တွေကို စစ်ဆေးတဲ့ ကာလ တစ်ခုပါပဲ။

ယုံကြည်ချက်ကြောင့် ရှေ့ဆက်နေကြတဲ့သူတွေရှိသလို တိုက်ခိုက်မှုနဲ့ ငွေကြေးရိုက်ခတ်မှုတွေကြောင့် တော်လှန်ရေးကို ကျောခိုင်းသွားသူတွေ တော်လှန်ပြည်သူတွေက ကျဉ်ဖယ်လိုက်တဲ့သူတွေနဲ့ တော်လှန် ရေးအတွင်း လက်နက်ချသွားသူတွေ တပုံတပင်ရှိလာပါပြီ။

တော်လှန်ရေးအသိ ဘာမှမရှိဘဲ စခဲ့တဲ့ မခေါင်ရဲ့လှုပ် ရှားမှုဟာ တော်လှန်ရေးအတွင်း အသက်ပေး ဝင်လာတဲ့ လူငယ်တွေရဲ့အနာဂတ်အထိ ရည်မှန်းချက်ကြီး မားခဲ့ပါတယ်။

◼️မခေါင်ရေသန့်ဘူးဝေတယ်

အာဏာသိမ်းပြီး ၇ ရက်ပြည့်တဲ့နေ့မှာ ရန်ကုန်တိုင်းရဲ့ မြို့နယ်တစ်ခုက ထွက်လာာတဲ့ဆန္ဒပြသပိတ်စစ် ကြောင်းကို မခေါင်ရေသန့်ဘူး ဝေခဲ့ပါတယ်။ကျန်းမာရေးကြောင့် လမ်းအများကြီးမလျှောက်နိုင် စိတ်လှုပ်ရှားရင် အစာအိမ်နာတတ်တဲ့မခေါင်ဟာ နေပူကြဲတောက်ထဲ စစ်ကြောင်းထွက်လာတဲ့ အရပ်သားပြည်သူတွေကို အမောပြေစေချင်ပါတယ်။ ဒီ‌နေ့ရေ ဝေတယ်၊ နောက်နေ့ အဆာပြေစေဖို့ ထမင်းပါထည့်ဝေတယ်။

ဖေဖော်ဝါရီ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ မတ်လရောက်တဲ့အခါမှာတော့ မြန်မာနိုင်ငံအနှံ့အပြားက ဆန္ဒပြပြည်သူတွေကိုမှာ ပေါ်ပေါ်တင်တင် ပစ်ခတ်မှုတွေ ပြုလုပ်လာတယ်။မခေါင်ဟာ ရေသန့်ဘူး ဝေနေရာကနေ ဆန္ဒပြရဲဘော်တွေအတွက် ဒိုင်းကာနဲ့ ရာဘာကျည်ဒဏ်ခံနိုင်တဲ့ ကျည်ကာတွေလှူဖို့အထိ ဆန္ဒအသိမြင့်တက်ခဲ့ပါတယ်။

လူရာချီသေဆုံးခဲ့တဲ့ ပဲခူးမြို့ ဆန္ဒပြပွဲနဲ့ လှိုင်သာယာဆန္ဒပြပွဲရဲ့ နောက်ကွယ်မှာတော့ ဆီတိုင်ကီပိုင်းပြတ် ဒိုင်းကာနဲ့ ရာဘာကျည်ခံ ကျည်ကာတွေဟာ လူငယ်တွေအသက်ကို မကာကွယ်နိုင်တော့ဘူးလို့ မခေါင်သိလာပါပြီ။

မတ်လရဲ့ သွေးစွန်းတဲ့ ပစ်ခတ်မှုတွေကြားမှာ ရာဘာကျည်ကာတွေက လူငယ်တွေရဲ့အသက်ကို မကာကွယ်နိုင်တော့ဘူးလို့ သိလာတဲ့အခါမှာတော့ မခေါင်ဟာ Freelance Fundraiser တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

◼️ငြိမ်းချမ်းစွာဆန္ဒပြခြင်းမှသည်လက်နက်ကိုင်လမ်းစဉ်ဆီ

ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြတာကို စနိုက်ဘာ၊ လက်ပစ်ဗုံး၊ စက်သေနတ်၊ လက်နက် ကြီး တွေနဲ့ အကြမ်းဖက်ဖြေရှင်းလိုက်တဲ့ စစ်တပ်ကြောင့် လူငယ်တွေဟာ လက် နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ဖို့ တိုင်းရင်းသားနယ်မြေတွေကို ထွက်ခွာကြပါတော့တယ်။

မခေါင်ဟာ အဲဒီလူငယ်တွေအတွက် စစ်ဝတ်စုံနဲ့ လေ့ကျင့်ရေးလက်နက်တွေတပ်ဆင်ပေးဖို့ အလှူ ငွေရှာတဲ့ဘက်ကို ရောက်လာခဲ့ပါတယ်။

မခေါင်ဟာ သူလစဉ်ထောက်ပံ့နိုင်တဲ့ ငွေပမာဏတစ်ခုကို ရဲဘော်တွေဆီ လတိုင်းပို့ခဲ့တယ်။ အဲ့ဒီကနေ အသိမိတ်ဆွေ သူငယ်ချင်းတွေက လစဥ်ပေးတဲ့ ၅၀၀၊ ၁၀၀၀ ကစပြီး ထောက်ပို့အဖွဲ့လေး လုပ်ရာကနေ CRPH ရဲ့ ထောက်ပို့ဘဏ္ဍာရေးပိုင်းမှာ တာဝန်ယူတဲ့အထိ မခေါင်ရဲ့ တော်လှန်ရေးခရီးစဥ်က ရှည်လျား လာခဲ့တယ်။

◼️ဖြိုဖျက်ခံရတယ်

တော်လှန်ရေးထဲ မခေါင် နက်နက်ရှိုင်းရှိုငိးပါဝင်နေတာကို စစ်တပ်ရဲ့ လက်ဝေခံစောင့်ကြည့်နေသူတွေက သတိထားမိသွားချိန်မှာတော့ မခေါင်အိမ်ကနေ ထွက်ရတယ်။ မထင်မရှားအနေအထားနဲ့ မိသားစုကို အဆက်အသွယ်ဖြတ်ပြီး စီးပွားရေးဆက်လုပ်ဖို့ပါ ခက်ခဲသွားခဲ့တယ်။ ကိုယ်ပိုင်စီးပွားရေးရှိလို့ ငွေပမာဏ အများအပြားရှိနေတဲ့ ဘဏ်အကောင့်တွေ အပိတ်ခံခဲ့ရတယ်။

မိသားစုနဲ့ကွဲ အတည်တကျ နေထိုင်ရာမရှိ ကိုယ်ပိုင်ဝင်ငွေရှိဖို့အတွက် စီးပွားရေးကိုပါ ကျယ်ကျယ် ပြန့်ပြန့်မလုပ်နိုင်ခဲ့ဘဲ ခိုးကြောင်ခိုးဝှက်နဲ့ နေထိုင်သွားအောင် စစ်တပ်က ဖြိုချပစ်လိုက်တာပါ။

◼️ဒီလမ်းခရီးဟာ အသည်းကွဲရတယ်

မခေါင်တစ်ယောက် တော်လှန်ရေးအဖွဲ့တစ်ခုကို ကျည်ကာတပ်ဆင်ပေးဖို့အတွက် ကမ်ပိန်းတစ်ခု လုပ်နေစဉ်မှာပဲ အဲဒီတော် လှန်ရေးအဖွဲ့ဟာ စစ်မြေပြင်ထွက်ရတယ်။ လက်နက်မစုံလင် ကျည်ကာမရှိ လူအင်အားချိနဲ့တဲ့ အဲဒီအဖွဲ့ဟာ တိုက်ပွဲမှာ အထိနာအကျအဆုံးများသွားတယ်။

မခေါင်ကို ကျည်ကာတပ်ဆင်ပေးဖို့ တိုက်ရိုက်ဆက်သွယ်ခဲ့တဲ့ အသက် ၂၀ ကျော်စ လူငယ် ရဲဘော်လေးဟာ နောက်တန်းစခန်းကို ပြန်ပါမလာခဲ့တော့ပါဘူး။ “ဒီလမ်းခရီးဟာ အသည်းကွဲရတယ်” လို့ မခေါင်က ဆိုပါတယ်။

◼️မြို့သိမ်းတိုက်ပွဲတွေအတွက် အရေးပေါ်ထောက်ပို့ရမှုတွေ

စစ်ပွဲတစ်ပွဲရဲ့ အသုံးစရိတ်က မခန့်မှန်းနိုင်လောက်အောင် များတာမှန်ပါတယ်။ ရည်ရွယ်ထားတဲ့ ငွေပမာဏမပြည့်တဲ့အခါ စိတ်ဓာတ်ကျတောတွေတော့ မရှိခဲ့ဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေလည်း တိုက်နေတယ်။ ဘယ်အဖွဲ့က ဘယ်လိုပါဝင်နေတယ်ဆိုတာ သိနေတဲ့အပြင် ကိုယ်ကလည်းအတတ်နိုင် ဆုံး ထောက်ပို့ထားတဲ့အတွက် ရလာတဲရလဒ်ကို လက်ခံတယ်။

အင်းတော်၊ ပင်လည်ဘူး၊ ထီးချိုင့်စတဲ့ တိုက်ပွဲတွေမှာဆိုရင် တိုက်နေရင်းနဲ့ကို မခေါင်တို့ကို ရဲဘော်တွေက တိုက်ရိုက်ဆက်သွယ် အခြေအနေ အကြမ်းဖျဉ်း ပြောပြပြီး ခဲယမ်းအတွက် ထောက်ပို့ဖို့ အရေးပေါ်ထောက်ပို့အခြေအနေတွေလည်း ရှိခဲ့ပါတယ်။

◼️မခေါင်ရဲ့ယုံကြည်ချက်နဲ့ပန်းတိုင်

မခေါင်ရဲ့ယုံကြည်ချက် ရှင်းလင်းပါတယ်။ သူယုံကြည်တာက ဓမ္မဘက်မှာ ရပ်တည်နေတဲ့ ရဲဘော်တွေ အပေါ်ထားတဲ့ ယုံကြည်ချက်ပါပဲ။ ကိုယ့်ဘက်မှာ၊ ဓမ္မဘက်မှာ၊ ပြည်သူ့ဘက်မှာ ရဲရဲဝံ့ဝံ့ရပ်တည်နေတဲ့ ရဲဘော်တွေအပေါ်ယုံကြည်ချက်ဟာ တော်လှန်ရေးအပေါ်ထားတဲ့ သူ့ရဲ့ယုံကြည်ချက်ပါပဲလို့ မခေါင် က ဆိုပါတယ်။

အင်းစိန်တောရ၊ အိုးဘိုတောရ စတဲ့ အချုပ်ထောင် အသီးသီးမှာ ရောက်နေကြသူတွေ၊ အိမ်နဲ့ ဝေးနေရသူတွေ အားလုံးကို အိမ်ရဲ့ အငွေ့အသက်တွေဆီ ပြန်ရောက်စေ ချင်တာ၊ အိမ်ရဲ့အငွေ့အသက်ကို ခံစားရစေချင်တာ သူမရဲ့ ပန်းတိုင်ပါပဲ။

“အိမ်ပြန်နိုင်ဖို့အတွက်… အဲ့ဒီအတွက် အခုချိန်ထိ မခေါင် ရှိနေပါတယ်”

===
“မခေါင်ရဲ့ ခရီးဟာ တစ်ကိုယ်ကောင်းဆန်တဲ့ ခရီးမဟုတ်ပါဘူး။ သူ့ရဲ့ တော်လှန်ရေးဟာ အိမ်နဲ့ဝေးနေသူ၊ အကျဉ်းကျနေသူ၊ မိသားစုနဲ့ ကွဲကွာနေသူတွေ အားလုံး ‘အိမ်ပြန်နိုင်ဖို့’ ဆိုတဲ့ ပန်းတိုင် တစ်ခုတည်းအတွက် ဖြစ်ပါတယ်။

ဒိနေ့ မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ စွန့်လွှတ်မှုတွေနဲ့ ရပ်တည်နေတဲ့၊ နောက်ကွယ်ကနေ တော်လှန်ရေးကို အသက်သွင်းပေးနေတဲ့ ‘မခေါင်’ လိုမျိုး အမျိုးသမီးထုကြီးကို ဧရာဝတီတိုင်းမ်အနေနဲ့ အထူးဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။”