‎ဧရာဝတီတိုင်းမ်
‎မတ် ၈ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်အတွင်းရှိ စစ်ကော်မရှင်၏ လေကြောင်းရန် ကာကွယ် ရေးစခန်းဖြစ်သော နတ်ရေကန်ဗျူဟာကုန်း၏ နောက်ဆုံးကာကင်းစခန်းကို အာရက္ခတပ်တော် (AA) က သိမ်းယူလိုက်ပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

နတ်ရေကန်၏ ကာကင်းစခန်းဖြစ်သော မျှော်စင်ကြက်ခြံကုန်းစခန်းကို ပြီးခဲ့သည့် မတ် ၄ ရက်နေ့တွင် AA နှင့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များက သိမ်းယူခဲ့သဖြင့် စစ်ကော်မရှင်ဘက်က လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။

“နတ်ရေကန်လမ်းကြောင်းတစ်လျှောက်ကိုပဲ တိုက်ပွဲဖော်ဆောင်ထားရာကနေ အခုတော့ မစခ အထိပါ AA က တက်ပစ်လာပြီလို့ သိရပါတယ်။ ဗျူဟာကုန်းကို လာသမျှစစ်ကူတွေကို ထိုင်ဖြုတ်နေရာကနေ အခုတော့ အမြောက်စစ်ဆင်ရေးဌာနချုပ်ကိုပါ တိုက်ရိုက်ပစ်မှတ်ထားလာတာပါ” ဟု စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်သည် တိုက်ပွဲဖြစ်ပွားသည့် မတ် ၂ ရက်နေ့ ညပိုင်းမှစတင်ကာ ဂျက်ဖိုက်တာ လေး စင်း၊ Y-12 လေယာဉ်များဖြင့် မတ် ၃ ရက်နေ့အထိ လေကြောင်းမှ အပြင်းအထန် ခုခံခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်ထံမှ သိရသည်။

ကာကင်းစခန်း သိမ်းယူခံရပြီးနောက် မတ် ၅ ရက်နေ့တွင် စစ်ကူ၊ ရိက္ခာနှင့် ခဲယမ်းထောက်ပံ့ နေသည့် အပြင် လက်နက်ကြီးပစ်ကူများပါ ပေးနေသော အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ – ၉၀၅) အတွင်းသို့ AA က ပစ်ခတ်သည့် လက်နက်ကြီးကျည် ငါးလုံးခန့် ကျရောက်ပေါက်ကွဲခဲ့သည်။

 

အဆိုပါ မစခ-၉၀၅ ဆုံကုန်းအမြောက်တပ်အတွင်းသို့ အတွဲလိုက်ပစ်ယာဉ်နှစ်စီးဖြင့် လက်နက်ခဲယမ်း ထောက်ပံ့မှုများ ပြုလုပ်ထားပြီး နတ်ရေကန်အောက်ရိုးတစ်လျှောက်တွင်လည်း စစ်ကော်မရှင်က စစ်ကြောင်းထိုးလျက်ရှိသည်။

ယမန်နေ့ မတ် ၇ ရက်နေ့ကလည်း ကျောက်ဆုံကျေးရွာအနီး တိုက်ပွဲအရှိန်အဟုန် ပြင်းထန်ခဲ့ကာ စစ်ကော်မရှင်ဘက်က လေကြောင်းမှ ပျံဝဲကင်းထောက်မှုများ ရှိခဲ့သည့်အပြင် အမ်းမြို့နယ်၊ တလိုင်းတောင်အနီးကိုလည်း ဂျက်ဖိုက်တာဖြင့် ဗုံးသီးချ တိုက်ခိုက်သွားခဲ့ကြောင်း သိရသည်။

 

ပုံစာ-AA တပ်ဖွဲ့ဝင်များ(ပုံဟောင်း)