ဧရာဝတီတိုင်းမ်
မတ် ၈ ရက်
ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေပြီး ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့အနီးရှိ အမှတ် (၃၄၄) အမြောက်တပ်ရင်း (မြောက်စမ်းအမြောက်တပ်) နှင့် ပတ်ဝန်းကျင်တွင် တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေပြီး ဟောင်ဝစ်ဇာ လက်နက်ကြီးများပါ ဆုံးရှုံးထားသည့် အဆိုပါတပ်ရင်းကို စစ်ကော်မရှင်က တပ်ရင်းပေါင်းများစွာဖြင့် အသည်းအသန် ခုခံနေရကြောင်း သိရသည်။
မြောက်စမ်းပတ်လည်တွင် တပ်မ (၆၆) လက်အောက်ခံတပ်များ၊ ပုသိမ်အခြေစိုက် အနောက်တောင် တိုင်းစစ်ဌာနချုပ် (နတခ) ၏ နယ်မြေခံတပ်ရင်းများနှင့် ကန်ကြီးထောင့်အခြေစိုက် အမြောက်တပ် (အမတ – ၅၀၅) မှ အမြောက်တပ်ခွဲတစ်ခုတို့ ပူးပေါင်းကာ ပတ်လည်ခံစစ်ဖြင့် ခုခံနေခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်ထံမှ သိရသည်။

“တပ်တွေ မြစ်ဝကျွန်းပေါ်ဒေသမှာ အစိတ်စိတ်အမွှာမွှာ ခွဲပြီးထုတ်နုတ်လိုက်ပြီဆိုတော့ AA ရဲ့ မူလစစ်ရေးရည်မှန်းချက်ဖြစ်တဲ့ မြောက်စမ်းအမြောက်တပ်ရဲ့ လက်ကျန်ရက်တွေကို တစ်ဖန်ပြန်လည် ပြီး ရေတွက်ရတော့မှာ ဖြစ်ပါတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်သည် မြောက်စမ်းနယ်မြေတွင် ဖျာပုံအခြေစိုက် ခလရ ၉၈ နှင့် ဓနုဖြူအခြေစိုက် ခမရ ၁၀၈ တို့ဖြင့် စစ်ကြောင်းထိုးကာ သီတာကုန်းပြင်တစ်ဝိုက်ရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ ခြေကုပ်နေရာများကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် တော်လှန်ရေး တပ်ဖွဲ့များဘက်မှ စခန်းငယ်နှစ်ခုနှင့် လက်နက်ခဲယမ်းအချို့ လက်လွှတ်ခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် စစ်ကော်မရှင်သည် ဧရာဝတီတိုင်းအတွင်းရှိ စစ်နယ်မြေများကို ဖြန့်ခွဲနေရာယူကာ ပတ်လည် ခံစစ်စနစ်ကို အသုံးပြုလျက်ရှိသည်။ ထို့ပြင် နဂါးရစ်တောင်ခြေတစ်ဝိုက်သို့ ပြည်အခြေစိုက် ခလရ ၁၄ စစ်ကြောင်းတစ်ခု ဝင်ရောက်နေပြီး ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပစ္စည်းများ လုယက်ယူငင်ခြင်းများ ကျူးလွန်နေကြောင်း သိရသည်။
ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)