ဧရာဝတီတိုင်းမ်
မတ် ၈ ရက်

ဒုတိယမြောက်သီတင်းပတ်ထဲသို့ ရောက်ရှိလာပြီး ပိုမိုပြင်းထန်လာတဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝါရှင်တန်ရဲ့ သဘောထားကို ပိုမိုတင်းမာစွာ ပြသလိုက်ပြီး အီရန်စစ်တပ်ကို အပြီး တိုင်ဖျက်သိမ်းကာ ခေါင်းဆောင်ပိုင်းကို ရာထူးမှဖယ်ရှားနိုင်မှသာလျှင် အီရန်နဲ့စစ်ပွဲဟာ ပြီး ဆုံးနိုင်မယ်လို့ စနေနေ့မှာ ပြောကြားခဲ့ပါတယ်။

ဒေါ်နယ်ထရမ့် လက်ရှိမှာ အီရန်အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းဖို့ စိတ်မဝင်စားကြောင်း၊ အကယ်၍ အီရန်ရဲ့ စစ်ရေးစွမ်းဆောင်ရည်တွေကို ဖျက်ဆီးပြီး ခေါင်းဆောင်ပိုင်းကိုပါ ဖယ်ရှားနိုင်ပါက လေကြောင်းစစ် ဆင်ရေးတွေအတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ မလိုအပ်တော့တဲ့ အခြေအနေ ရောက်ရှိ စေနိုင်တယ်လို့ Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောပါတယ်။

အစ္စရေးနဲ့အီရန်ကြား အပြန်အလှန် တိုက်ခိုက်မှုတွေ အသစ်တဖန် ဖြစ်ပွားနေပြီး အမေရိကန်-အစ္စရေး-အီရန် ပဋိပက္ခဟာ ဒုတိယမြောက် သီတင်းပတ်အတွင်းသို့ ရောက်ရှိလာချိန် ဒေါ်နယ်ထရမ့်က ယခုလို မှတ်ချက်ပြုတာပါ။

အကယ်၍ အီရန်နိုင်ငံမှာ စစ်ဘက်ဆိုင်ရာ ဖွဲ့စည်းပုံ သို့မဟုတ် ခေါင်းဆောင်ပိုင်းမရှိတော့တဲ့ အခြေ အနေသို့ ရောက်ရှိသွားပါက စစ်ပွဲ ပြီးဆုံးသွားနိုင်တယ်လို့ ၎င်းက ဆိုပါတယ်။

အီရန်သမ္မတ ပီဇက်ရှ်ကီယန်က ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်ခဲ့တဲ့ အမေရိကန်၊ အစ္စရေးတို့နဲ့ ပဋိပက္ခ အတွင်း အီရန်ရဲ့ လုပ်ဆောင်ချက်တွေအတွက် အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံတွေကို ရုပ်သံမှတစ်ဆင့် တောင်းပန်စကား ပြောကြားခဲ့ပြီးနောက် သူက လှောင်ပြောင်ခဲ့ပါတယ်။

ပီဇက်ရှ်ကီယန်ရဲ့ ထုတ်ဖော်ပြောကြားချက်ဟာ ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံတွေနဲ့ တင်းမာမှု လျှော့ချဖို့ ကြိုးပမ်းမှုတစ်ခုအဖြစ် ရှုမြင်ကြပေမယ့် အမေရိကန်နဲ့အစ္စရေးရဲ့ အဆက်မပြတ် စစ်ရေးအရ ဖိအား ပေးမှုများကြောင့် အီရန်က ယခုလို ကတိပြုတာလို့ဆိုကာ ဒေါ်နယ်ထရမ့်က ပယ်ချခဲ့ပါတယ်။

အမေရိကန်နဲ့အစ္စရေးရဲ့ မညှာမတာ တိုက်ခိုက်မှုများကြောင့်သာ အီရန်က တောင်းပန်စကားပြောဆို လာပြီး အိမ်နီးချင်းနိုင်ငံတွေကို ပစ်မှတ်မထားတော့ဖို့ ကတိပြုလာခြင်းဖြစ်ကြောင်း၊ အီရန်ဟာ ဒေသ တွင်း ပဋိပက္ခမှာ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

ကိုးကား – India Today
Ref; Trump says Iran war could end only after its military, leadership are eliminated