ဧရာဝတီတိုင်းမ်
မတ် ၇ ရက်

 

မြန်မာကျောင်းသားများအတွက် ယူကေပညာသင်ဗီဇာ လျှောက်ထားမှုအပေါ် ကန့်သတ်လိုက်သည့် Visa brake အစီအစဉ်ကို ဗြိတိသျှအစိုးရကပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း British Council Myanmar က ယမန်နေ့က ထုတ်ပြန်သည်။

 

ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့တွင် မြန်မာကျောင်းသားများအပါဝင် လေးနိုင်ငံမှကျောင်းသားများက ခိုလှုံခွင့်တောင်းခံမှုများသဖြင့် ပညာသင်ဗီဇာရပ်ဆိုင်းကြောင်း ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာန က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ဗီဇာကန့်သတ်မှုသည် ယာယီအစီအစဉ်တစ်ခုသာဖြစ်ပြီး ယူကေလူဝင်မှုကြီးကြပ်ရေးစနစ်၏ စနစ်ကျမှုနှင့် သမာသမတ်ကျမှုကို ထိန်းသိမ်းရန်ရည်ရွယ်ပြီး ဗီဇာဆိုင်ရာကန့်သတ်ချက်များကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

“ယူကေတွင် ပညာသင်ယူလိုသော သို့မဟုတ် လျှောက်လွှာတင်ရန် ပြင်ဆင်နေသော ကျောင်းသားများနှင့် အဆိုပါလုပ်ငန်းစဉ်တွင် ပံ့ပိုးကူညီနေသော မိတ်ဖက်အဖွဲ့အစည်းများအတွက် အဆိုပါသတင်းသည် စိုးရိမ်ပူပန်စရာဖြစ်ကြောင်း ကျွန်ုပ်တို့ နားလည်ပါသည်” ဟု ဗြိတိသျှကောင်စီ (မြန်မာ) က ဆိုသည်။

 

အဆိုပါကျောင်းသားဗီဇာရပ်ဆိုင်းကြောင်းသတင်းထုတ်ပြန်ပြီးနောက်တွင် ဗြိတိန်နိုင်ငံကပေးအပ်သော chevening ပညာသင်ဆုရရှိထားသူများ၏လျှောက်လွှာများရပ်ဆိုင်းခံထားရကြောင်းသိရသည်။

 

“Chevening စကော်လာရထားတဲ့သူတွေ အင်တာဗျူးထားဖြေပြီးသူရော ဖြေဆိုစောင့်နေသူရဲ့ အစီအစဉ်တွေကိုရပ်ဆိုင်းလိုက်တယ်ဆိုပြီး email ပို့တယ်။ US ကလည်းပိတ် UK ပိတ်နဲ့။ ဒီမှာက Chevening ကိုပိုအားထားကြတဲ့သူတွေများတယ်။ ဗီဇာကိစ္စကရှေ့ဆက်ဘာဖြစ်မလဲမသိသေဘူး။ လောလာဆယ်တော့စိတ်မကောင်းစရာပဲ” ဟု အင်္ဂလိပ်စာသင်ကြားရေးဆရာတစ်ဦးက ပြောကြားသည်။

 

ဗြိတိသျှကောင်စီက ဗီဇာကိစ္စပြန်လည်စိစစ်မည်ဆိုသော်လည်း လက်ရှိတွင် Chevening ပညာသင်ဆုရရှိထားသူများနှင့်ပတ်သက်ပြီး လုပ်ငန်းအစီအစဉ်ရှေ့ ဆက်အခြေအနေကိုမရှိရ သေးကြောင်း ပညာသင်ဆုရထားသူများထံသိရသည်။

 

ပညာသင်ဗီဇာပိတ်ခံရသည့်နိုင်ငံများတွင် မြန်မာ၊ အာဖဂန်နစ္စတန်၊ ကင်မရွန်းနှင့် ဆူဒန်နိုင်ငံ ကျောင်းသားများပါဝင်ကြောင်းသိရသည်။

 

ယူကေပညာရေးအပေါ် မြန်မာကျောင်းသားများ၏ အားပေးစိတ်ဝင်စားမှုနှင့် နိုင်ငံတစ်ဝန်းရှိ အရည်အချင်းပြည့်မီသော ကျောင်းသားများ၏ ရည်မှန်းချက်များကို အသိအမှတ်ပြုတန်ဖိုးထားကြောင်း မြန်မာနိုင်ငံရှိ ဗြိတိသျှကောင်စီထံမှ သိရသည်။

 

ယူကေနိုင်ငံရှိ တက္ကသိုလ်များသည် ကမ္ဘာ့အဆင့်မီ ပညာရေးစနစ်ကြောင့် မြန်မာကျောင်းသားများ အများဆုံး ရွေးချယ်ရာ နိုင်ငံတစ်ခုဖြစ်သည်။