ဧရာဝတီတိုင်းမ်
(ပေါင်းတည်)၊ မေ ၇ ရက်

 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့အတွင်း လှည့်လည်စစ်ကြောင်းထိုးနေသည့် ခမရ-၁၀ တပ်ရင်းမှ စစ်ကြောင်းကို ယမန်နေ့ မေ ၆ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက သဲမဲရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ခမရ-၁၀ တပ်ရင်းမှ အင်အား ၅၀ ပါစစ်ကြောင်းမှာ သဲမဲရွာအနီးသို့ ထပ်မံစစ်ကြောင်းထိုးလာသည့်အတွက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူးအပါအဝင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် နှစ် ဦးသေဆုံးခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“စစ်ကြောင်းမှူးတစ်ဦးသေတယ် အခြားအဆင့်တစ်ဦးသေတယ် ဒဏ်ရာရသုံးဦးရှိတယ်။ သေဆုံးအလောင်းတွေကိုတော့ ကျွန်တော်တို့မျက်မြင်တွေ့ရှိရတယ် သေဆုံးအလောင်းတွေကို ဒီကောင်တွေကဆွဲပြီးတော့မှသယ်တယ်။ သယ်လဲသယ်ပြီတော့ဒဏ်ရာရသူတွေကို နှစ်ယောက်တွဲခေါ်သွားတာ ကျွန်တော်တို့တွေ့ရှိခဲ့ရတယ်” ဟု ပြည်ခရိုင်တပ်ရင်း(၁) စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံရဲဘော်Shadowက ဧရာဝတီတိုင်းမ်ကိုပြောသည်။

 

သဲမဲရွာနှင့် အနီးပါတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံများမှာ စစ်‌တပ်၏စစ်ကြောင်းထိုးမှုကြောင့် စစ်ဘေးရှောင်တိမ်းနေကြရပြီး မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကော်မရှင်က ယနေ့ မတ် ၇ ရက်နေ့၊ နံနက် လေးနာရီဝန်းကျင်တွင် သဲမဲရွာကို မီးရှို့ခဲ့ရာ နေအိမ် ၃၂ လုံးမီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုပြီးနောက် တော်လှန်ရေးတက်ဖွဲ့များက ရှင်းလင်းရေးပြုလုပ်စဉ် ကျည်ဘောက်တစ်ခု၊ ၅.၅၆ ကျည် ၄၂ တောင့် နှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ပြီး ယခုတိုက်ခိုက်မှုကို ဗျူဟာ(၂၁)ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း(၁)၊ တပ်ခွဲ(၂) က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

 

စစ်ကော်မရှင်စစ်ကြောင်းကို ပြီးခဲ့သည့် မတ် ၂ ရက်နေ့ကလည်း တော်လှန်ရေးတပ်ဖွဲ့များက သဲမဲရွာဘက်သို့စစ်ကြောင်းထိုးလာစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးခဲ့ပြီးနောက် အင်အားဖြည့်တင်းကာ ယခုကဲ့သို့ထပ်မံစစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။

ဓာတ်ပုံ – ပေးပို့