ဧရာဝတီတိုင်းမ်
မတ် ၇ ရက်
နိုင်ငံတော်အာဏာကိုငါးနှစ်ကြာသိမ်းယူထားသော စစ်ကော်မရှင်က လာမည့်ဧပြီတွင်ဖြစ်ပေါ်မည့် စစ်အစိုးရသစ်အတွက်အသုံးစရိတ်များကြိုတင်သတ်မှတ်ပေးလိုက်ပြီး စီးပွားရေးတိုးတက်မှုန်း ၃ ဒသမ ၄ ရာခိုင်နှုန်းကျော်ရန်ခန့်မှန်းထားကြောင်းသတင်းရရှိသည်။
ယမန်နေ့ မတ်လ ၆ ရက်နေ့တွင် လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို အာဏာသိမ်းစစ်ခေါင်းဆောင်ဖြစ်သူ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အတည်ပြုပေးလိုက်ကြောင်းသိရသည်။

လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ကျပ် ၁၉၅,၀၃၂ ဘီလီယံ ရရှိရန် ရည်မှန်းထားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုလည်း ၃ ဒသမ ၄ ရာခိုင်နှုန်း ရရှိရန် မျှော်မှန်းထားကြောင်း စစ်ကော်မရှင်ထုတ်ပြန်သည်။
အဆိုပါ အသုံးစရိတ်လျာထားချက်များတွင် နောင်တက်လာမည့် စစ်အစိုးရသစ်အတွက် ကဏ္ဍအလိုက် ဦးစားပေးအသုံးစရိတ်များကို ကြိုတင်သတ်မှတ်ပေးထားကြောင်း စစ်ခေါင်းဆောင်က ဆက်လက်ပြောကြားသည်။
“လွှတ်တော်အစည်းအဝေးများမှ ရွေးချယ်တာဝန်ပေးလာသည့် အစိုးရကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့်ကောင်းမွန်သည့်ဆောင်ရွက်ချက်များနှင့် အောင်မြင်မှုများကို မျိုးစေ့ချပေးခဲ့ပြီးဖြစ်သည့်အတွက် ဆက်လက်တာဝန်ယူသွားမည့် အစိုးရအနေဖြင့်လည်း လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေး ကဏ္ဍအလိုက် ဦးစားပေးအသုံးစရိတ်များကို လျာထားသတ်မှတ်ပေးခဲ့ကြရမည်ဖြစ်ကြောင်း” ဟု ၎င်းက ဆိုသည်။

ကမ္ဘာ့ဘဏ် (World Bank) ၏ ထုတ်ပြန်ချက်များတွင်မူ မြန်မာ့စီးပွားရေးသည် ပဋိပက္ခများနှင့် ငွေကြေးဖောင်းပွမှု ဒဏ်ကြောင့် တိုးတက်မှုနှုန်း နှေးကွေးနေဦးမည်ဟု ခန့်မှန်းထားပြီး မြန်မာ့စီးပွားရေးတိုးတက်မှုန်းသည် တစ်ရာခိုင်နှုန်းဝန်းကျင်တွင်သာ ဆက်လက် တုံ့ဆိုင်းနေမည်ဖြစ်ကြောင်း ခန့်မှန်းထုတ်ပြန်ထားသည်။
စစ်အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာသော ပဋိပက္ခများကြောင့် ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်ခြင်းနှင့် စိုက်ပျိုးရေး၊ ထုတ်လုပ်မှုကဏ္ဍများ ထိခိုက်ခြင်း၊ ကုန်စျေးနှုန်း မြင့်တက်မှုနှင့် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုကြောင့် ပြည်သူများ၏ ဝယ်ယူနိုင်စွမ်းအား လျော့ကျလာခြင်း၊ ပြည်ပသို့ထွက်ခွာမှုများကြောင့် ကျွမ်းကျင်လုပ်သား ရှားပါးလာသဖြင့် စီးပွါရေးကဏ္ဍကိုထိခိုက်စေကြောင်း သုံးသပ်မှုများလည်းရှိသည်။
ဓာတ်ပုံ – MOI