နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၇ ရက်

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (ERO) များကို အသိဉာဏ်ပညာဖြင့် သတိတရား လက်ကိုင်ထားပြီး အပစ်ရပ်စာချုပ် (NCA) လမ်းကြောင်းပေါ် ရပ်တည်ရန် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စည်းရုံးပြန်သည်။

စစ်ခေါင်းဆောင်က ၎င်းဥက္ကဋ္ဌအဖြစ် ရယူထားသော ဘဏ္ဍာရေးဆိုင်ရာအစည်းဝေးတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

“အသိဉာဏ်ပညာနဲ့ သတိတရား လက်ကိုင်ထားပြီး NCA လမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်လို့ ထာဝရငြိမ်းချမ်းရေး ရရှိဖို့ အတူတကွ ကြိုးပမ်းဖို့ လိုအပ်တယ်။ ငြိမ်းချမ်းရေးရမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူရဲ့ လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးတိုးတက်လာမယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အလွန်ပင်အရေးကြီးဟု စစ်ခေါင်းဆောင်က ဆိုသော်လည်း လက်တွေ့၌မူ NCA ကို ချိုးဖောက်၍ နိုင်ငံတဝန်း ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

ယခင်အစိုးရများ လက်ထက်တွင် တိုင်းရင်းသားအဖွဲ့များနှင့် သဘောတူ လက်မှတ်ရေးထိုးထားသော အပစ်ရပ်စာချုပ် (NCA) ကို စစ်ကော်မရှင်ကိုယ်တိုင် ချိုးဖောက်၍ အတင်းအဓမ္မ အာဏာသိမ်းခဲ့သဖြင့် ပျက်ပြယ်သွားပြီဖြစ်ကြောင်း EROs က ထုတ်ပြန်ပြောဆိုထားသည်။

ထို့ကြောင့် အာဏာသိမ်း စစ်ကော်မရှင်နှင့် ထိတွေ့ဆက်ဆံနေသည့် NCA ရေးထိုး အပစ်ရပ်အဖွဲ့တချို့သာ လက်ရှိတွင် ကျန်ရှိတော့ပြီး ERO အများစုမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ဒေသအသီးသီရှိ တော်လှန်ရေး အင်အားစုတို့နှင့် ပူးပေါင်းတော်လှန်လျက်ရှိကြောင်း သိရသည်။

ယင်းအတူ စစ်ကော်မရှင်သည် ၎င်းတို့ထိန်းချုပ်မရသော နယ်မြေဒေသများကို စစ်ကြောင်းထိုးကာ ကျေးရွာများမီးရှို့ခြင်းနှင့် ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်၍ လေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့် ဗုံးကြဲပစ်ခတ်နေပြီး ERO များကို ငြိမ်းချမ်းရေးအတွက် မကြာခဏဖိတ်ခေါ်‌သည်။

လက်ရှိတွင် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့ ၁၀ ဖွဲ့အနက် KNU ၊ CNF ၊ ABSDF ၊ PNLO ၊ NMSP(AD) ၊ LDU တို့သည် စစ်ကော်မရှင်နှင့် တွေ့ဆုံမှု မရှိတော့ဘဲ လက်ကျန်အဖွဲ့များ၌ ဗိုလ်ချုပ်ကြီး ယွက်စစ်ဦးဆောင်သည့် RCSS တစ်ဖွဲ့သာလျှင် အင်အားအသင့်တင့်ရှိကြောင်း သိရသည်။