ဆောင်းပါးရှင်-မောင်ကောင်း
ဧရာ၀တီတိုင်း မတ် ၆ ရက်
ပြီးခဲ့သည့်ရက်ပိုင်းက ကိုယ်ပိုင်ယာဉ်များကို “စုံ/မ” နံပါတ်စနစ်ဖြင့် အလှည့်ကျ ထွက်ခိုင်းကာ လူထုကို အကျပ်ကိုင်ခဲ့သည့် စီမံခန့်ခွဲမှုပါရဂူကြီး (စစ်ခေါင်းဆောင်ဗ်ုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) သည် ယခုအခါ ပြည်သူများ၏ လက်ကိုင်ဖုန်းများကိုပါ မျက်စိဒေါက်ထောက် စောင့်ကြည့်ရန် ပြင်ဆင်လာပြန်သည်။ လာမည့် မတ်လကုန်တွင် ဆင်းကတ်မှတ်ပုံမတင်ထားသော ဖုန်းများကို ပိတ်သိမ်းမည်ဟု ခြိမ်းခြောက်ကာ CEIR (Central Equipment Identity Register) စနစ်ကို အတင်းအကျပ် အကောင်အထည်ဖော်ရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။
စစ်ကော်မရှင်သည် ပြည်တွင်းရှိ မိုဘိုင်းဖုန်းများ၏ မူရင်းအမှတ်အသား (IMEI Code) များကို ဒေတာဘေ့စ်တစ်ခုအတွင်း စုစည်းကာ အသုံးပြုသူများ၏ တည်နေရာနှင့် သတင်းအချက် အလက်များကိုပါ ဒစ်ဂျစ်တယ်စောင့်ကြည့်မှု ပြုလုပ်နိုင်သည့် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံ မှတ်ပုံတင်စနစ် (CEIR ) ကို လာမည့် မတ်လ ပထမပတ်မှစတင်၍ အသုံးပြုမည်ဖြစ်သည်။
အဆိုပါ လုပ်ရပ်သည် မြောက်ကိုရီးယားကဲ့သို့ ပြည်တွင်းအင်တာနက် အပိတ်စနစ်ဖြင့် ပြည်သူများကို ထိန်းချုပ်ရန် ကြိုးစားသည့် လမ်းစဉ်ပင် ဖြစ်သည်။ စစ်ခေါင်းဆောင်သည် ၎င်းအာဏာသိမ်း ၅ နှစ်အတွင်း မြန်မာနိုင်ငံကို မြောက်ကိုရီးယား ကဲ့သို့ အသွင်ပြောင်းရန် ကြိုးပမ်းလျက်ရှိကာ မြောင်ကိုရီးယားခေါင်းဆောင် ကန်ဂျုံအန်း၏ အာဏာရှင်ဗျူဟာကို အတော်လေး အားကျနေပုံရသည်။
လူငယ်များ ပြည်ပသို့ ထွက်ခွာခွင့်ကို ကန့်သတ်ခြင်း၊ စစ်မှုထမ်းဥပဒေပြဌာန်း၍ အဓမ္မစစ်မှုထမ်း ဆောင်စေခြင်း၊ ပြည်တွင်းတွင် လျှပ်စစ်မီးပင် မှန်အောင်မပေးနိုင်သော်လည်း လျှပ်စစ်ရထားကိုသာ အရူးအမူးဖြစ်နေခြင်းတို့သည် မြောက်မြန်မာအိပ်မက်ကို ပုံဖော်နေခြင်းပင် ဖြစ်သည်။
နိုင်ငံတကာနှင့်ဝိရောဓိမြန်မာ့အခြေအနေ
CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီ၏ ထုတ်ပြန်ချက်တွင်မူ ကမ္ဘာ့နိုင်ငံအချို့၌ IMEI Code များကို CEIR တွင် မှတ်ပုံတင်၍ အသုံးပြုနေကြသဖြင့် မြန်မာနိုင်ငံတွင်လည်း အလားတူ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဆိုထားသည်။ သို့သော် ၎င်းတို့ မပြောဘဲ ချန်လှပ်ထားသည့် အချက်မှာ အဆိုပါနိုင်ငံများတွင် ပြည်သူ့အတွက် ခိုင်မာသော “ဥပဒေအကာအကွယ်” များ ရှိနေခြင်းပင် ဖြစ်သည်။
အိန္ဒိယနိုင်ငံသည် ဖုန်းခိုးယူမှုနှင့် ဖုန်းအတုများ တားဆီးရန် CEIR ကို သုံးသော်လည်း ၂၀၂၃ ခုနှစ်တွင်ဒစ်ဂျစ်တယ်ကာကွယ်ရေးဥပဒေ ( Digital Personal Data Protection Act-DPDPA) ကို အတည်ပြုကာ နိုင်ငံသားများ၏ အချက်အလက်ကို ခွင့်ပြုချက်မရှိဘဲ အသုံးမပြုရန် တင်းကျပ်စွာ တားမြစ်ထားသည်။
ထို့အတူ အင်ဒိုနီးရှားနိုင်ငံသည်လည်း မှောင်ခိုဖုန်း ထိန်းချုပ်ရန် သုံးသော်လည်း ၂၀၂၂ ခုနှစ်တွင် ကိုယ်ရေး ကိုယ်တာကာကွယ်ရေးဥပဒေ (Personal Data Protection Law-PDP Law) ကို ပြဋ္ဌာန်းခဲ့ပြီး ကိုယ်ရေးလုံခြုံမှု ချိုးဖောက်ပါက ထောင်ဒဏ် ၅ နှစ်အထိ ပြင်းထန်စွာ အပြစ်ပေးရန်ပါရှိသည်။
မြန်မာနိုင်ငံတွင်မူ ထိုကဲ့သို့သော ဥပဒေအကာအကွယ်များ လုံးဝမရှိဘဲ နည်းပညာကို အသုံးချကာ ပြည်သူများကို အချိန်နှင့်တပြေးညီ ခြေရာခံရန်သာ ဦးတည်နေခြင်းကြောင့် နိုင်ငံတကာစံနှုန်းများနှင့် ဆန့်ကျင် ဘက်ဖြစ်သော “ဒစ်ဂျစ်တယ် အာဏာရှင်စနစ်” ကိုသာ ပုံဖော်နေခြင်း ဖြစ်သည်။
ဒစ်ဂျစ်တယ်ခြေကျင်းခတ် CEIR စနစ်ဆိုတာ
CEIR စနစ်သည် ဖုန်းတစ်လုံး၏ IMEI (အမှတ်စဉ်) ကို အခြေခံ၍ ဆင်းကတ်မည်မျှပင် ပြောင်းလဲစေကာမူ ဖုန်းအသုံးပြုသူ ရှိနေသည့်တည်နေရာကို တာဝါတိုင်မှတစ်ဆင့် အချိန်နှင့်တပြေးညီ ခြေရာခံနိုင်သည်။
ထို့ပြင် စစ်ကော်မရှင်က ၎င်းတို့ကို ဆန့်ကျင်သူများ သို့မဟုတ် ၎င်းတို့၏ မျက်စိထဲတွင် ကန့်လန့်ဖြစ်သူများ၏ ဖုန်းကို ခလုတ်တစ်ချက်နှိပ်ရုံဖြင့် အသုံးမဝင်သော “အုတ်ခဲ” တစ်ခဲဖြစ်အောင် ဆက်သွယ်ရေးကွန်ရက်ပေါ်မှ ဖြတ်တောက်နိုင်သည်။
စစ်မြေပြင်တွင် နယ်မြေများ ဆုံးရှုံးနေသော စစ်ကော်မရှင်သည် လူထု၏ဖုန်းထဲအထိ စစ်ကြောင်းထိုးပြီး ယခုကဲ့သို့ “ဒစ်ဂျစ်တယ်အချုပ်ခန်း” ပြုလုပ်ရန် ကြိုးစားလာခြင်း ဖြစ်သည်။ မိမိဖုန်း၏ IMEI ကို သိလိုပါက *#06# ဟု နှိပ်၍ စစ်ဆေးနိုင်သည်။ ထိုဂဏန်း ၁၅ လုံးသည် စစ်ကော်မရှင်၏ ဒေတာဘေ့စ်တွင် မှတ်တမ်းတင်ခံရပြီးသည်နှင့် သင့်ဖုန်းသည် ‘ဒစ်ဂျစ်တယ်ခြေကျင်း’ အခတ်ခံလိုက်ရပြီ ဖြစ်သည်။
ဒစ်ဂျစ်တယ်ခြေကျင်းခတ်ခြင်းနှင့် လူ့အခွင့်အရေး
စစ်အုပ်စုက “အခွန်ကောက်ရန်” ဟု အကြောင်းပြသော်လည်း အဓိကရည်ရွယ်ချက်မှာ ပြည်သူတစ်ဦးချင်းစီ၏ လက်ထဲရှိ ဖုန်းများကို “ထောက်လှမ်းရေးစက်” အဖြစ် အသွင်ပြောင်းကာ ဒစ်ဂျစ်တယ်ခြေကျင်းခတ်ထားလိုခြင်းသာ ဖြစ်သည်။
စစ်ကော်မရှင်၏ ယခုကဲ့သို့ ဖုန်းအသုံးပြုသူများကို ခြေရာခံခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်သွယ်မှုများကို စောင့်ကြည့်ခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ ဖုန်းလိုင်းများကို ဖြတ်တောက်ခြင်းတို့သည် နိုင်ငံသားများ၏ လွတ်လပ်စွာ ဆက်သွယ်ပြောဆိုခွင့်နှင့် ကိုယ်ရေးလုံခြုံမှုဆိုင်ရာ အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်သည်။
တော်လှန်ရေးနယ်မြေရှိသူများအတွက်အထူးသတိပေးချက်
စစ်ကော်မရှင်၏ CEIR စနစ် အထူးသတိပြုရန်မှာ တော်လှန်ရေးနယ်မြေအတွင်းရှိ ပြည်သူများနှင့် ရဲဘော်များဖြစ်သည်။ စစ်ကော်မရှင်၏ “မတ်လကုန်အထိ ဆင်းကတ်ထည့်ထားကြပါ” ဆိုသည့် တိုက်တွန်းချက်ကို အထူးသတိပြုသင့်ပါသည်။
စစ်ကော်မရှင် ညွှန်ကြားသည့်အတိုင်း ဆင်းကတ်ထည့်လိုက်ပါက မိမိဖုန်း၏ IMEI သည် စစ်ကော်မရှင်၏ ဒေတာဘေ့စ်အတွင်းသို့ တိုက်ရိုက်ရောက်ရှိသွားမည်ဖြစ်သည်။ အမှန်စင်စစ် ဖုန်းတစ်လုံးကို အင်တာနက် သို့မဟုတ် ဆက်သွယ်ရေးကွန်ရက်တစ်ခုခုသို့ ချိတ်ဆက်လိုက်သည်နှင့် (ဆင်းကတ်မထည့်ထားလျှင်ပင်) ဖုန်း၏ IMEI နံပါတ်နှင့် တည်နေရာကို ကွန်ရက်တာဝါတိုင်များက ချက်ချင်းသိရှိနိုင်ပါသည်။ ထို့ကြောင့် တော်လှန်ရေးနယ်မြေများတွင် ဖုန်းများကို မလိုအပ်ဘဲ မဖွင့်ထားခြင်း၊ သို့မဟုတ် လုံးဝအသုံးမပြုခြင်းကသာ အကောင်းဆုံး ကာကွယ်မှုဖြစ်သည်။
ကိုယ်ရေးလုံခြုံမှုအတွက် ကြိုတင်ပြင်ဆင်ရန်
ပြည်တွင်းရှိ မဖြစ်မနေ အသုံးပြုရမည့် သူများအနေဖြင့် စောင့်ကြည့်ခံရသည့်ဒဏ်မှ ကင်းဝေးစေရန် အတွက် နည်းပညာရှင်များက ယခုလို တိုက်တွန်းထားသည်။
ဖုန်းကို လုံးဝပိတ်ထားပါ
-အရေးကြီးသည့် စစ်ရေး/နိုင်ငံရေး လှုပ်ရှားမှုများရှိချိန်တွင် ဖုန်းကို လေယာဉ်ပျံမုဒ် (Airplane Mode) ထားခြင်းထက် လုံးဝပိတ်ထားခြင်းကသာ အသေချာဆုံးဖြစ်သည်။
ဆင်းကတ်လိုင်းထက် ဝိုင်ဖိုင် (WiFi) ကို သုံးပါ
-ဖုန်းလိုင်းတိုင်တက်နေခြင်းက တည်နေရာပြရန် အလွယ်ဆုံးဖြစ်သဖြင့် အော်ပရေတာ ဆင်းကတ်များကို မသုံးဘဲ သီးခြား Pocket WiFi သို့မဟုတ် Starlink မှတစ်ဆင့် အင်တာနက်ကို ခွဲသုံးပါ။
တည်နေရာကို ဂရုစိုက်ပါ
-မလိုအပ်ဘဲ GPS မဖွင့်ပါနှင့်။ အရေးကြီးနေရာများတွင် ဖုန်းကို Power ပိတ်ထားခြင်း သို့မဟုတ် Airplane Mode ထားခြင်းက စိတ်ချရဆုံး ဖြစ်သည်။
VPNသုံးပါ
-VPN အသုံးပြုခြင်းသည် မိမိ၏ အချက်အလက်များကို အနည်းဆုံးတော့ အကာအကွယ်ပေးနိုင်သည့် အခြေခံအကျဆုံး နည်းလမ်းဖြစ်သည်။ တတ်နိုင်သမျှ Trusted VPN (ယုံကြည်ရသော VPN) များကိုသာ ရွေးချယ်အသုံးပြုပါ။”
အချုပ်အားဖြင့်ဆိုရသော် ပြဿနာတစ်ခုကို မဖြေရှင်းနိုင်တော့တိုင်း ချုပ်ကိုင်ရန် အတွက်သာ စဉ်းစားတတ်ခြင်းသည် အာဏာရှင်တို့၏ နောက်ဆုံးကျင့်စဉ်ပင် ဖြစ်သည်။ ပြည်သူများအနေဖြင့်လည်း ယခုခေတ်တွင် VPN သုံးခြင်းနှင့် ဖုန်းလုံခြုံရေး ဂရုစိုက်ခြင်းကို ထမင်းစားရေသောက် သကဲ့သို့ အလေးထားရန် အထူးပင် လိုအပ်လာပြီ ဖြစ်သည်။
(မှတ်ချက် -ဆောင်းပါးရှင်သည် နည်းပညာသမား မဟုတ်သော်လည်း ဒစ်ဂျစ်တယ်လုံခြုံရေး လေ့လာသူများ၏ သတိပေးချက်များနှင့် ရေးသားဖော်ပြချက်များကို ကောက်နုတ်၍ ပြန်လည်မျှဝေထားပါသည်။ CEIR စနစ်သည် နိုင်ငံတကာတွင် ဖုန်းခိုးယူခံရမှုကို တားဆီးရန် သုံးသော်လည်း အာဏာရှင်လက်ထက်တွင်မူ အန္တရာယ်ရှိသော ဒစ်ဂျစ်တယ်ထောက်ချောက်သာ ဖြစ်သည်။)