နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၆ ရက်

 

အာဏာသိမ်းမှုကြောင့် နိုင်ငံတကာ၏ ကျဉ်ဖယ်ခြင်းကို ခံထားရသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတကာမျက်နှာစာတွင် ၎င်းတို့ဘက်မှ ရပ်တည်ပေးရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရန်အတွက် နိကာရာဂွာနှင့် ဆော်ဒီအာရေဗျနိုင်ငံမှ သံအမတ်များကို တွေ့ဆုံဆွေးနွေးခဲ့သည်။

 

နိကာရာဂွာနိုင်ငံ၏ သံအမတ်ကြီးသည် ယမန်နေ့ မတ် ၅ ရက်နေ့က နေပြည်တော်သို့ လာရောက်၍ စစ်ခေါင်းဆောင်ထံ သံအမတ်ခန့်အပ်လွှာ ပေးအပ်ခဲ့ပြီး နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးနှင့် နယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးကို ဆွေးနွေးခဲ့သည်။

နိကာရာဂွာသည် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲကို ထောက်ခံထားသည့် နိုင်ငံအနည်း ငယ်ထဲတွင် ပါဝင်ပြီး ရုရှားနိုင်ငံထံမှ လက်နက်နှင့် နည်းပညာ ရယူမှုလမ်းကြောင်း တူညီသည့်အတွက် စစ်ကော်မရှင်နှင့် ပိုမိုနီးကပ်လာနေသော နိုင်ငံဖြစ်သည်။

 

လက်ရှိတွင် နိကာရာဂွာကို လူ့အခွင့်အရေးချိုးဖောက်သည့် အာဏာရှင်နိုင်ငံအဖြစ် သတ်မှတ်ကာ အမေရိကန်အပါအဝင် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့ထားသော်လည်း စစ်ကော်မရှင်နှင့် နိကာရာ ဂွာတို့သည် ၂၀၂၅ ခုနှစ်မှစတင်၍ သံတမန်ဆက်ဆံရေးကို သိသာစွာ မြှင့်တင်လာခဲ့သည်။

 

တွေ့ဆုံရာတွင် နှစ်နိုင်ငံမြို့တော်များတွင် သံရုံးများ အပြန်အလှန် ဖွင့်လှစ်ရေးနှင့် ဒဏ်ခတ်ပိတ်ဆို့မှု များကို ကျော်လွှားနိုင်ရန် စီးပွားရေးနှင့် ခရီးသွားလာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ထို့အတူ စစ်ခေါင်းဆောင်နှင့် စစ်ကော်မရှင်၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့သည် ဆော်ဒီ အာရေဗျနိုင်ငံ၏ သံအမတ်ကြီးနှင့်လည်း တွေ့ဆုံခဲ့ပြီး ထို့သို့တွေ့ဆုံရာတွင် အရှေ့အလယ်ပိုင်း အခြေအနေနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို အဓိကထား ဆွေးနွေး ခဲ့သည်။

 

ထို့အပြင် စွမ်းအင်နှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် အလားအလာရှိသည့် ကဏ္ဍများတွင် ပူးပေါင်းသွားရန်နှင့် နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

 

စစ်ကော်မရှင်အနေဖြင့် နိုင်ငံတကာ၏ ဖိအားပေးမှုများကို ကြုံတွေ့နေရသည့် အချိန်တွင် ၎င်းတို့နှင့် သဘောထားချင်း နီးစပ်သည့် နိုင်ငံများနှင့် ဆက်ဆံရေးကို အားဖြည့်ရန် ကြိုးပမ်းနေခြင်းပင်ဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များက ဆိုသည်။

 

ဓာတ်ပုံ-MOI