ဧရာဝတီတိုင်းမ်
မတ် ၅ ရက်

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ တရုတ်ကျားဖြန့်အကျဉ်းသားများကို ထိန်းသိမ်းထားရာ ဆူအန်ဖလူ(Suan Phlu) အကျဉ်းထောင်တွင် တရုတ် အွန်လိုင်းငွေကြေးလိမ်လည်မှု အကျဉ်းသားများမှ လာဘ်ပေး၍ VIP အခန်းများအသုံးပြုနေမှုများရှိကြောင်း ထိုင်းသတင်းမီဒီယာများထံက သိရသည်။

 

ထိုင်းနိုင်ငံရှိ ရာဇဝတ်မှုကြောင့်နစ်နာသူများကို ကူညီရေးအသင်းဥက္ကဌဖြစ်သူက ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ဌာနချုပ်သို့ သက်သေများနှင့်တကွ အကျဉ်းထောင်အရာရှိများ၏ အကျင့်ပျက်ခြစားမှုနှင့် တရုတ်အကျဉ်းသားများ၏ VIP အခန်းများအကြောင်းကို တိုင်ကြားခဲ့ခြင်းဖြစ်သည်။

 

ကျားဖြန့်တရုတ်အကျဉ်းသားများမှာ အထူးအခွင့်အရေးများရရှိရန် လစဉ်တစ်ဦးလျှင် ဘတ် ၂၀၀၀၀၀ အထိငွေသားပေးဆောင်ရန်လိုအပ်ပြီး ဖုန်းတစ်ခါအသုံးပြုပါက ဘတ်ငွေ ၁၀၀၀ မှ ၂၀၀၀၊ ပြင်ပအစားအသောက်များမှာယူလိုပါက ဘတ်ငွေ ၅၀၀၀ အထိ ပေးဆောင်ရကြောင်းလည်း သိရသည်။

စုံစမ်းရရှိထားသည့် အချက်အလက်များအရ ဆူအန်ဖလူအကျဉ်းထောင်မှာ ကျားဖြန့်တရုတ်များထံမှ တစ်လလျှင်ဘတ် ၁၀ သန်းခန့်ရရှိနေပြီး တစ်နှစ်လျှင် ဘတ်ငွေသန်း ၁၀၀ ကျော်ရရှိနေကာ အဆိုပါဖြစ်စဉ်မှာ ငါးနှစ်ခန့် ရှိနေပြီဖြစ်ကြောင်းလည်း တိုင်ကြားသူက ပြောဆိုထားသည်။

 

ဆူအန်ဖလူအကျဉ်းထောင်ကို ထိန်းသိမ်းနေသောအရာရှိများအားလုံးမှာ ကျားဖြန့်အကျဉ်းသားများထံမှတစ်ဆင့် ထပ်မံငွေညှစ်နေမှုတွင် ပါဝင်နေကြောင်းလည်း တိုင်ကြားချက်တွင် ထည့်သွင်းထားသည်။

 

ဘန်ကောက် ရာမန်အကျဉ်းထောင်တွင် ပြီးခဲ့သည့် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်နေ့ကလည်း ငွေကြေးအများအပြားသုံးစွဲသည့် တရုတ်အကျဉ်းသားများအတွက် အမျိုးသမီးများကိုခေါ်သွင်းပေးခဲ့သည့် ထိုင်းအကျဉ်းထောင်အရာရှိများကို ရာထူးဆိုင်းငံ့ကာစစ်ဆေးသည့်ဖြစ်စဉ်များ ရှိခဲ့သည်။

 

ကိုးကား – Khaosod English