ဧရာဝတီတိုင်းမ်
မတ် ၆ ရက်

 

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ မြောက်စမ်းရွာရှိ အမြောက်တပ် အမတ ၃၄၄ အနီးထိ AA နှင့် ပူးပေါင်းတပ်များ ထိုးစစ်ဆင်လာသည့်အတွက် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်ပြီးခဲ့သည့် ဖေဖော်ဝါရီနောက်ဆုံးပတ်က အမြောက်တပ်အနီး တိုက်ပွဲပြင်းထန်ခဲ့ကာ AA ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမြောက်တပ်အတွင်းမှ စစ်ကော်မရှင်တပ်သား အလောင်းများကို ဆွဲထုတ်ကာ ဖောကားများဖြင့် သယ်ယူခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

 

ယခု မတ်လဆန်းပိုင်းတွင် AA ထိုးစစ် ပြန်လည်ပြင်းထန်လာပြီး အမြောက်တပ်၏ ဟောင်ဝစ်ဇာနှစ်လက်ကိုပါ သိမ်းဆည်းရမိထားကြောင်း သိရသည်။

 

“လပေါင်းများစွာ တိုက်‌ထားတဲ့ အမြောက်တပ် တစ်ခုလက်စသတ်ခါနီးပြီ။ ဟောင်ဝစ်ဇာနှစ်လက်ရထားတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အမြောက်တပ် ၃၄၄ ၏ အခြေအနေကြောင့် ကျုံပျော် ခလရ ၃၆ မှ အင်အားအချို့ကိုပါ စစ်ကူပို့ထားရပြီး သီတာကုန်းပြင်တစ်ဝိုက် တော်လှန်ရေးတပ်များ၏ ခြေကုပ်စခန်းများကို စီးနင်းနေသည့် စစ်ကော်မရှင်တပ်များမှာလည်း ခံစစ်အခြေအနေသို့ ပြန်လည်ရောက်ရှိနေသည်။

 

ရေကြည်၊ လေးမျက်နှာ၊ သာပေါင်းအစပ်တွင် AA နှင့်တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် စက်စက်ယို၊ ချင်းကုန်းစသည့်ကျေးရွာများကို စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်ထားက ပုသိမ်-မုံရွာလမ်းပိုင်းကို စိုးမိုးမှုရယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

 

တိုက်ပွဲအပြင်းအထန်ဖြစ်ကာ အင်အားနည်းလာသည့် ရေကြည်အမြောက်တပ်ကို စစ်ကော်မရှင်က ပြီးခဲ့သည့် လပိုင်းအတွင်းတွင် ဘန်ကာသစ်များတည် ဆောက်ခြင်း၊ စစ်ကူအင်အားဖြည့်ခြင်းနှင့် ကာကင်းစခန်းငယ်များ တိုးချဲ့ခြင်းများကို ပြုလုပ်ထားကြောင်း သိရသည်။

 

ဓာတ်ပုံ-စစ်ကော်မရှင်တပ်ထံက AA သိမ်းဆည်းရမိသည့် လက်နက်ကြီးများ(ပုံဟောင်း)