ဧရာဝတီတိုင်းမ်
မတ် ၆ ရက်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲအတွင်း ဒဏ်ရာရရှိသော တပ်ရင်းမှူးကို လာကယ်သည့် စစ်ကော်မရှင် ၏ Mi 17 ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ထိမှန်သွားကာ အရေးပေါ် ဆင်းသက်သွားရကြောင်း သိရသည်။
ယနေ့ မတ် ၆ ရက် နေ့လည် ၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ဒဏ်ရာရရှိထားသည့် တပ်ရင်းမှူးဖြစ်သူကို လာ ရောက်ကယ်ဆယ်သည့် Mi 17 ရဟတ်ယာဉ် ပစ်ခတ်ခံရကာ ဆီကန်ထိမှန် မီးခိုးအူထွက်ပြီးနောက် ရွှေကူမြို့ပြင်တွင် အရေးပေါ်ဆင်းသက်လိုက်ကြောင်း သိရသည်။
“ဗန်းမော်က ဒဏ်ရာရတဲ့ တပ်ရင်းမှူးကို လာကယ်ထုတ်တဲ့ Mi 17 KIA ရဲ့ ကျည်သင့်သွားတယ်။ ဆီတိုင်ကီထိသွားပြီး မီးခိုးတွေထွက် ရွှေကူမြို့အပြင်ဘက် အရေးပေါ်ဆင်းသက်လိုက်ရတယ်”ဟု ကချင်သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
တပ်ရင်းမှူးကို လာရောက်ကယ်ဆယ်သည့် ရဟတ် ယာဉ်မှာ ရွှေကူမြို့ ခလရ- ၅၆ တပ်ရင်းအတွင်း ဆင်း သက်ရန်ပြုလုပ်ထားသော်လည်း ဆီများထွက်ကျကာ မီးခိုးအူလာသည့်အတွက် ရွှေကူမြို့အပြင် ဘက်တွင် အရေးပေါ်ဆင်းသက်လိုက်ရသည်ဟု သိရသည်။
“လက်နက်ကြီးနဲ့ ဆီတိုင်ကီကို တည့်တည့်ထိသွားတယ်။ ရွှေကူမှာ အရေးပေါ်ဆင်းလိုက်ရတဲ့အခြေ အနေပါ။ Y -12 တော့ပျံနေတယ်”ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
KIA က စစ်ကော်မရှင်၏ တိုက်ခိုက်ရေးရဟတ်ယာဉ်များကို မိုးမောက်မြို့တွင်တစ်ကြိမ်၊ ဝိုင်းမော်တွင် တစ်ကြိမ်၊ ကွတ်ခိုင်တွင်တစ်ကြိမ် ပစ်ချတိုက်ခိုက်ထားနိုင်ခဲ့ပြီး ယခုအခါ Mi 17 ရဟတ်ယာဉ်ကို အရေးပေါ်ဆင်းသက်ရသည်အထိ ပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဗန်းမော်မြို့တွင် တိုက်ပွဲများပြင်းထန်နေကာ စစ်ကော် မရှင်၏ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ နည်းဗျူဟာ မှူးများပါ သေဆုံးလျက်ရှိပြီး အင်အား ၁၅၀၀ ကျော် သုံးထားရသည်။
ပုံစာ-စစ်ကော်မရှင်၏ ရဟတ်ယာဉ်တစ်စင်းကို တွေ့ရစဉ်(ပုံဟောင်း)